ကင်းပတ်လာတဲ့ စစ်ကော်မရှင်တပ်တွေကိုတိုက်ခိုက်ပြီး လက်ပစ်ဗုံးနဲ့ခဲယမ်းတွေသိမ်း

0 26
0 26

စလင်း၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့မရဲစခန်းက ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ပြီး လက်ပစ်ဗုံးနဲ့ ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ စလင်းမြို့မရဲစခန်းကနေ စစ်ကော်မရှင်တပ်သားနဲ့ ရဲတွေ ဆိုင်ကယ် ၄ စီး၊ ကား ၁ စီးနဲ့ထွက်လာချိန် မြို့မရဲစခန်းနဲ့ စိမ်းစိုဂိတ်ကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူလူထုကို အသိပေးပြီး ကျနော်တို့မြို့အထွက်လမ်းတွေကို ပိတ်တယ်၊ လမ်းအနည်းငယ်တော့ ဖွင့်ပေးထားတယ်၊ စစ်ကော်မရှင်က မြို့ထဲကနေထွက်ပြီး အရပ်သားပြည်သူတွေကို ပေါ်တာဆွဲတာတွေလုပ်တယ်၊ သူတို့ပေါ်တာဆွဲဖို့အတွက် ဆိုင်ကယ်နောက်မှာ ကားလည်းပါတယ်၊ ကျနော်တို့ မိုင်း ပိတ်ထားတဲ့နေရာကို သူတို့ထွက်လာတာ၊ မြို့ထဲကနေ စိမ်းစိုဂိတ်ကို ထွက်လာတာမှာ ကျနော်တို့ အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ အရင်ဆုံး မိုင်းဆွဲလိုက်တယ်။” စလင်းပကဖတာဝန်ခံ M 4 က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး G 3 ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးနဲ့ ကျည် ၃၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လိုသိရပါတယ်။

“စစ်ကော်မရှင်ဘက်က ကျနော်တို့မျက်မြင်ကတော့ ရှေ့ဆုံးက ၂ ဦး (ဆိုင်ကယ်)စီးလာတာလဲသွားတယ်၊ နောက်က ၂ ဦးကလည်း ၁ ဦးက ဝမ်းဗိုက်နဲ့လည်ပင်း ထိခိုက်ဒဏ်ရာရသွားတယ်၊ နောက်ထပ် ၁ ဦးကလည်း လက်ဖျံရိုးပြတ်လုနီးနီးဖြစ်တယ်၊ နောက်ကလိုက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေက ပြန်လည် တိုက်ခိုက်တယ်၊” လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် အဲ့ဒီစစ်ကော်မရှင်တပ်တွေဟာ စလင်းမြို့မရဲစခန်းကိုပြန်ဆုတ်သွားပြီး ဒဏ်ရာရသူတွေထဲက စစ်သား ၂ ဦး၊ မြင်းတင်ရပ်ကွက်နေ ရဲတပ်သား အောင်ညီညီနဲ့ ဖောင်းလင်းနယ်ထိန်း မင်းခန့်တို့ကို စလင်းပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း စလင်းမြို့ပေါ်ကနေ ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားတွေကို စလင်းပကဖက စလင်းမြို့၊ မြင်တင်ရပ်ကွက်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။