နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အာဆင်နယ်ကို အက်စတွန်ဗီလာ အနိုင်ရ (အားကစားသတင်း)

0 10
0 10

မြေလတ်အသံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ စနေနေ့ညပွဲစဉ်တွေရဲ့ အစောဆုံးပွဲဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ အာဆင်နယ် တွေ့ဆုံမှုမှာ အိမ်ရှင်အက်စတွန်ဗီလာက နောက်ဆုံးမိနစ်အနိုင်းဂိုးသွင်းယူပြီး ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပါတယ်။

လူစုံတက်စုံနဲ့ပွဲထွက်လာခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာကို အဓိက ဗဟိုခံစစ်မှာ ဒဏ်ရာပြသနာတွေကြုံနေရလို့ ဟင်ကာပီ၊ တင်ဘာ အတွဲနဲ့ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အသင်းက ဗီလာပါ့ခ်မှာ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတာပါ။

လက်ရှိပုံစံကောင်းရနေပြီး နိုင်ပွဲဆက်နေတဲ့ အက်စတွန်ဗီလာအသင်း အာဆင်နယ်ကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၃၆ မိနစ်မှာ မက်တီကက်ချ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ကာ အာဆင်နယ်အသင်းကတော့ သွင်းဂိုးမရရှိခဲ့တာကြောင့် ပထမပိုင်းကို ၁ – ၀ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အာဆင်နယ်အသင်းက ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ အက်ဇီး နေရာမှာ ထရော့ဆက် နဲ့ တိုက်စစ်က မာရီနို နေရာမှာ ယောခရက်ဇ် တို့ကို လူစားလဲစေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ လူစားဝင်ကစားသမား ထရော့ဆက်က အာဆင်နယ်အတွက် ချေပဂိုးပြန်လည်သွင်းပေးခဲ့ပြီး အဲ့ဒီနောက်မှာ အာဆင်နယ်က တောက်လျှောက် တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက အကောင်းဆုံးပုံစံနဲ့ ခုခံခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့လည်း အာဆင်နယ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တာပါ။

မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်ပေးထားချိန်မှာ ဟင်ကာပီရဲ့ မပြတ်သားတဲ့ရှင်းထုတ်မှုကြောင့် ရရှိခဲ့တဲ့ လက်ပစ်ဘောကနေတဆင့် အက်စတွန်ဗီလာ အသင်းအတွက် အခွင့်အရေးကောင်းဖြစ်ခဲ့ပြီး အာဆင်နယ်အသင်း တသင်းလုံးဆင်းပိတ်နေတဲ့ကြားကနေ ဗီလာကွင်းလယ်လူ ဘူအန်ဒီယာရဲ့သွင်းဂိုးကို နောက်ဆုံးမိနစ်မှာ ခွင့်ပြုပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းအတွက် ဒီရှုံးပွဲဟာ ဒီရာသီ ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီနဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိတဲ့ အာဆင်နယ်အသင်း ဒီတခေါက်မှာလည်း ဗီလာပါ့ခ်ကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းက အဆင့် ၁ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အက်စတွန်ဗီလာအသင်းက အာဆင်နယ်နဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာ(ယာယီ) ရပ်တည်နေကာ ဒီရာသီ အဓိက ချန်ပီယံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းက ၁ ပွဲလျော့ ၅ မှတ်အကွာနဲ့ အဆင့် ၃ နေရာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

Photo – Premier League.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။