ချောင်းဦးက အဓမ္မပြုကျင့်၊ လူသတ်မှုကျူးလွန်သူ ရပ်/ကျေးပကဖ ၄ ဦးကို NUG က စစ်ဆေးအရေးယူ

0 4
0 4

ချောင်းဦး၊ မေ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က အဓ္ဓပြုကျင့်၊ လူသတ်မှုကျူးလွန်ခဲ့တဲ့ ရပ်/ကျေး ပကဖအဖွဲ့ဝင် ၄ ဦးကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဒီကနေ့ မေလ ၄ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ် ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၈ လ အကြာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ချောင်းဦးမြို့နယ် ရပ်၊ ကျေးပကဖအဖွဲ့ဝင် ၄ ဦးဟာ အရွယ်မရောက်သေးသူ ကလေး ၄ ဦးအပါအဝင် ၇ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ တိုင်ကြားစာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှာ လက်ခံရရှိခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ ရက်သတ္တပတ် ၁ ပတ်အတွင်း တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးလုပ်ဆောင်ခဲ့တယ်လို့ NUGရဲ့ ကြေညာချက်မှာ‌ ဖော်ြပထားပါတယ်။

အဓမ္မပြုကျင့်အသတ်ခံရသူ ၇ ဦးဟာ စစ်ကိုင်းမြို့နယ်၊ ပဲကုတိုးရွာနေထိုင်သူ မမြင့်မိုရ်အေး ၁၅ နှစ်၊ မဖြူချစ် ၁၇ နှစ်၊ မစန်းစန်းငယ် ၁၉ နှစ်၊ မဇင်ဇင်မော် ၂၀ နှစ်၊ မောင်အောင်ကိုစန်း ၁၅ နှစ်၊ မောင်သက်ပိုင်ဦး ၁၆ နှစ်၊ ကရင် ၂၆ နှစ်တို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ချောင်းဦး PDF တပ်ဖွဲ့ဝင်တဦးရဲ့ ပြောဆိုချက်ကို မြေလတ်အသံ သတင်းဌာနအနေနဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဧပြီလ ၂၂ ရက်က သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ ၇ ဦးကို သတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ရပ်/ကျေးပကဖ အဖွဲ့ဝင် ၄ ဦးဟာ ကျူးလွန်ကြောင်း ကိုယ်တိုင်ဝန်ခံထားခဲ့ပြီးနောက် အပြစ်ပေးအရေးယူနိုင်ရေးအတွက် ချောင်းဦးမြို့နယ်ပကဖက ပြည်ထဲရေးဝန်ကြီးဌာနအောက် မြို့နယ်ပအဖကို လွှဲပြောင်းပေးခဲ့ပေမယ့် ၈ လနီးပါးအကြာ သတင်း မဖော်ပြမီကာလအထိ အရေးယူခံရခြင်းမရှိဘဲ ပြစ်မှုကျူးလွန်သူတွေဟာ တခြားရဲဘော်တွေနည်းတူ လှုပ်ရှားသွားလာနေတယ်လို့လည်း အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောဆိုပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ချောင်းဦးမြို့နယ် ပအဖ တာဝန်ရှိသူက သူတို့အနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြထားတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

အလားတူ ဧပြီ ၁၁ ရက်မှာ NUGရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်ကို မြေလတ်အသံက ဆက်သွယ်ခဲ့ရာမှာလည်း “သိရတာနဲ့ပြန်ပြောပေးပါမယ်”လို့ စာနဲ့ဖြေကြားခဲ့ပြီးနောက် သတင်းဖော်ပြခဲ့တဲ့ ဧပြီ ၂၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။

မြေလတ်အသံသတင်းဌာနမှာ အထက်ပါသတင်းဖော်ပြပြီးတဲ့နောက်မှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DNPS) က တာဝန်ရှိသူတွေက နိုင်ငံရေးအရ၊ စည်းရုံးရေးအရ မှန်မှန်ကန်ကန်စိစစ်ဖြေရှင်းပြီး လူထုထံသို့ တင်ပြသွားသင့်တယ်လို့ ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေနဲ့ စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေး လမ်းကြောင်းများမှတဆင့် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။