မီးမလာရေပြတ်လို့ စစ်ကိုင်းတံတားအောက် မြစ်ထဲ နေ့စဉ် ရေချိုး၊ ရေစိမ်လာသူ ရာချီရှိနေ

0 1
0 1

စစ်ကိုင်း၊ မေ ၃၊ ၂၀၂၃။

နေ့စဥ်လျှပ်စစ်မီး ပုံမှန်မလာတာ၊ ရေတင်မရတာတွေတာကြောင့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်အတွင်းမှာ နေ့စဥ်ရေချိုး၊ ရေစိမ်လာသူ ရာချီရှိနေတယ်လို့ သိရပါတယ်။

ညနေ ၃ နာရီလောက်ကနေ ည ၇ နာရီလောက်ထိ တာဝါတိုင်၊ တကောင်း၊ ထုံးဘိုအပါအဝင် ကမ်းနားနဲ့နီးတဲ့ ရပ်ကွက်တွေက မြစ်ဆိပ်တွေမှာ ရေဆင်းချိုးသူ၊ ကမ်းနားအပန်းဖြေသူတွေနဲ့ စည်ကားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဧပြီလလောက်ကတည်းက မီးကမမှန် ရေကမရတာနဲ့ အပူကလည်း ပြင်းတာနဲ့ ညနေလောက်ဆို မြစ်ဆိပ်ကို လာကြပြီ။ မီးဆိုတာလည်း တနေ့ကို သုံးလေးနာရီလောက်ပဲ လာတာဆိုတော့။ နေ့စဥ် မြစ်ဆိပ်ရေဆင်းချိုးတဲ့သူနဲ့ အပန်းဖြေသူတွေဆိုရင် ၅၀၀ အထက်လောက်ရှိမယ်။ လူတွေကတော့ ညနေဆိုရင် လာနေကြတုန်းပဲ” လို့ ပြောပါတယ်။

ယခင်နှစ်တွေက စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်အတွင်း ကမ်းနားတွေမှာ ရေချိုးသူ အပန်းဖြေသူတွေဟာ အနည်းငယ်သာရှိခဲ့ပြီး ယခုနှစ်မှာတော့ ပွဲတော်နီးပါး စည်ကားနေတာလို့ ဆိုပါတယ်။

မြစ်အတွင်း ရေချိုး၊ ရေကူးသူတွေ များလာလို့ ရေနစ်သေဆုံးတာတွေ မဖြစ်ဖို့၊ ဖြစ်ပေါ်လာပါက အမြန်ဆုံးကယ်ဆယ်နိုင်ဖို့ ဒေသလူမှုကူညီရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက နေ့စဥ် အသင့်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်က စစ်ကိုင်းတံတားအောက် တကောင်းဆိပ်ကနေ အမျိုးသား ၅ ဦး မြစ်အတွင်း ရေဆင်းကူးချိန် ၁ ဦးရေနစ်သေဆုံးသွားခဲ့ပါသေးတယ်။

ဒါ့အပြင် မတ်လ ၅ ရက်နေ့ကလည်း စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်အတွင်းမှာ စစ်ကိုင်းမြို့၊ ဝါဆိုကျောင်းက ကိုရင် ၃ ပါး ရေဆင်းကူးချိန် အသက် ၁၂ နှစ်အရွယ် ကိုရင် ၁ ပါး ရေနစ်သေဆုံးခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။