စလင်းမှာ အလေးချိန် ၇၅ ပိဿာရှိကြေးခေါင်းလောင်းဖြုတ်ခိုးခံရပြီး စစ်တပ်ကိုတိုင်ထားပေမယ့် လာစစ်ဆေးတာမရှိ

0 15
0 15

စလင်း၊ နိုဝင်ဘာ ၂၂ ၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မန်ကျီးပင်ပုကျေးရွာအုပ်စု၊ စေသူ့ရှင်ကုန်းကျေးရွာ ရှင်မဟာလိုက်ဘုရားဝန်းရှိ ကြေးခေါင်းလောင်းတခု ဖြုတ်ခိုးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စလင်းမြို့နဲ့ ၃ မိုင်ခန့်အကွာ စလင်း-ပွင့်ဖြူ သွားလမ်းမဘေးရှိ အဲ့ဒီကျေးရွာဘုရားက ကြေးပိဿာချိန် ၇၅ ပိဿာရှိတဲ့ ခေါင်းလောင်းဟာ နိုဝင်ဘာ ၁၇ ရက်က စတင်ပျောက်ဆုံးနေတာလို့ဆိုပါတယ်။

” မြန်မာလိုဆိုလို့ရှိရင် အဖိတ်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်က ပျောက်သွားတယ်။ ဥပုသ်သည်တွေက ဥပုသ်သွားစောင့်တာ။ ဘုရားထဲမှာ ဆွမ်းတော်ကပ်ရင်းကနေ ဆွမ်းတော်စွန့်ပြီးအမျှဝေဖို့ ကြေးခေါင်းလောင်းကြီးထိုးမယ်လုပ်တဲ့အချိန် ကြေးခေါင်းလောင်းကြီး မရှိတာ” လို့ ရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ကြေးခေါင်းလောင်းပျောက်ဆုံးမှုဟာ ဖြုတ်ချခိုးယူခံရတဲ့အခြေအနေဖြစ်တာကြောင့် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်နေကြပြီး ကျေးရွာဘုန်းကြီးနဲ့ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဘုန်းကြီးတွေက စလင်းမြို့အခြေစိုက် ခလရ ၂၅၃ တပ်ရင်းကို နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

တိုင်ကြားစဥ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကျေးရွာကိုလာရောက်စစ်ဆေးပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် နိုဝင်ဘာ ၂၂ ရက် ဒီကနေ့အထိ လာရောက်စစ်ဆေးတာနဲ့ ရှာဖွေပေးတာမျိုး လုပ်ဆောင်တာမရှိဘူးလို့ ဆိုပါတယ်။

” ကြေးခေါင်းလောင်းကြီး ပျောက်သွားတော့ ရွာကလူတွေက နှမျောကြတယ်။ ထိန့်လန့်နေကြတာပေါ့၊ ဘယ်လိုကြောင့် ပျောက်သွားတာလဲပေါ့။ ကောင်းတဲ့လူလား၊ မကောင်းတဲ့လူက လုပ်တာလားပေါ့၊ တခါမှတော့မပျောက်ဖူးဘူး။ အခုတခါ ပထမဦးဆုံး ပျောက်တာ” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကြေးခေါင်းလောင်းကြီးဟာ စေသူ့ရှင်ကုန်းကျေးရွာက အလှူရှင် ဦးမြ၊ ဒေါ်လှတို့က အထက်ပါဘုရားမှာ လှူဒါန်းခဲ့တာဖြစ်ပြီး ခေါင်းလောင်းသက်တမ်း နှစ် ၈၀ ထက်မနည်းရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

စေသူ့ရှင်ကုန်းကျေးရွာဟာ အိမ်ခြေ ၉၈ အိမ်၊ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ ခန့်ရှိပြီး ၎င်းတို့အနီးအနားမှာ ပျူစောထီးအားကောင်းတဲ့ ကျွဲချောင်းရွာ တည်ရှိတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။