10 July 2026 6:18 PM

ပေါင်းတည်မြို့နယ်တွင်း အလှည့်ကျစနစ်နဲ့ ဆည်ရေမရလို့ နွေစပါးစိုက်ဧက ၇၀၀၀ ခန့် လျော့ကျ

0 1
0 1

ပေါင်းတည်၊ မေ ၁၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ရေမလုံလောက်တာနဲ့ အလှည့်ကျ ဆည်ရေစနစ်ကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော် နွေစပါးစိုက်ခွင့်မရခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် နွေစပါးစိုက်ရာသီဖြစ်တဲ့ မတ်လ ၁ ရက်နေ့မှာ ဆည်ရေများကို စတင်လွှတ်ပေးခဲ့ပြီး လုံးဝစိုက်ခွင့်မရတဲ့ ကျေးရွာတွေအပြင် ဆည်ရေမလုံလောက်တာနဲ့ ဆည်ရေလွှတ်ချိန်နောက်ကျတာတွေကြောင့် စပါးစိုက်ခင်းတွေထဲ မြေဆီလွှာခြောက်ကပ်ပြီး ပျိုးပင်တွေသေဆုံးကုန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ကတော့ လုံးဝမစိုက်ရတဲ့ ရွာတွေထဲမှာပါတာပေါ့။ ပေါင်းတည်အနောက်ခြမ်းပိုင်းကဒီနှစ်မစိုက်ရဘူး။ ဆည်မြောင်းက ပြောတာတော့ စီမံကိန်းမပါလို့ ဆည်ရေမလုံလောက်ဘူး အလှည့်ကျစနစ်သွားမယ်ပေါ့။ အရှေ့ခြမ်းတလှည့်အနောက်ခြမ်းတလှည့်၊ ပထမတုန်းကကျတော့ ခုနှစ်စိုက်ရမယ်လို့ပြောသေးတယ်၊ နောက်ကျမှ မပါတော့ဘူး ဖြစ်သွားတာ။” လို့ ပေါင်းတည်အနောက်ခြမ်း ကျေးရွာတရွာက လယ်သမားတဦးက ပြောပါတယ်။

နွေစပါးစိုက်ခွင့်မရတဲ့ ကျေးရွာတွေထဲမှာ ညောင်ဇင်၊ ကြူတောကန်၊ နတ်ပုတီး၊ မဲကုန်း၊ အုတ်သျှစ်ကုန်း၊ ပေါက်အိုင်ကြီး၊ ထန်းသုံးခွ၊ ညောင်ကုန်း၊တို့ဖြစ်ပြီး ဆင်နင်းဘိုနဲ့ ရုပ်လှကုန်း ကျေးရွာတွေမှာ အနည်းအကျဉ်းစိုက်ခွင့်ရခဲ့တယ်လို့ ဒေသံတွေကဆီက သိရပါတယ်။

“လယ်သမားတွေကတော့ မစိုက်ရတော့ လယ်ကိုအလွတ်ထားထားရတယ်။ ပုံမှန်ဆိုရင်တော့ တဧကကို နှစ်သိန်းလောက် နစ်နာတာပေါ့။ စိုက်ပြီး ရေမလောက်တဲ့ ရွာတွေကတော့ ရှုံးတောင်ရှုံးအုံးမယ်။ နွေစပါးမစိုက်ရတော့ အဲ သုံးလေးလလောက်တော့ အချိတ်အဆက်ရှိတဲ့တချို့က မြို့ပေါ်ဆန်စက်တွေသွား ကုန်ထမ်း၊ ပန်းရံဆင်း ပြည်ပသွားဖို့ကတော့ တချို့ပိုက်ဆံမရှိကြဖူး၊” လို့ နွေစပါးစိုက်ခွင့်မရတဲ့ လယ်သမားတဦးက ပြောပါတယ်။

ယခင်နှစ် နွေစပါးပေါက်ဈေးမှာ တင်း ၁၀၀ ကို ၈ သိန်းဝန်းကျင်ပေါက်ခဲ့သော်လည်း ဂုတ်ကျိုးရောဂါ၊ မှိုကျနှံခြောက်နဲ့ နှံစုပ်ပိုး ကျခဲ့လို့ ၁ ဧကအထွက်နှုန်းမှာ တင်း ၄၀ ခန့်သာ ထွက်ရှိခဲ့လို့ အမြတ်အစွန်းမရခဲ့ဘဲ အချို့လယ်သမားတွေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် နွေစပါးစိုက်ဧကအလိုက် တဧကသွင်းအားစုစားရိတ်မှာ ၄ သိန်းဝန်းကျင်ကုန်ကျပြီး ရာသီဥတုကောင်းမွန်တဲ့နှစ်တွေမှာ အထွက်နှုန်း တင်း ၈၀ ခန့်ထွက်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပေါင်းတည်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက(ခန့်မှန်း) ၁၆၀၀၀ ခန့် ရေပေးစိုက်ပျိုးနိုင်မယ်လို့ ခန့်မှန်းထားပြီး ယခင် ၂၀၂၂ ခုနှစ် နွေစပါးစိုက်ဧက‌ ၂၂၉၈၀ စိုက်ပျိုးခဲ့တဲ့အတွက် ယခင်နှစ်ထက် ဧက ၆၉၈၀ ခန့်လျော့ကျခဲ့တာဖြစ်ပါတယ်။

ဒါအပြင့် ပြည်ခရိုင်အတွင်း မတ်ပဲ၊ နေကြာ တွေကို ဦးစားပေးစိုက်ပျိုးစေတာနဲ့ ၃ သီးစားစနစ်စိုက်ပျိုးခိုင်းလာတာကြောင့် စိုက်ရာသီမမှန်တာနဲ့ ရေမလုံလောက်မှု ပြဿနာတွေကို ရင်ဆိုင်လာနေရတာလို့ ဒေသတွင်း တောင်သူလယ်သမားတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။