ပေါက်ခေါင်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင် ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီကျော်မှာ မင်္ဂလာပွဲပြုလုပ်နေချိန် စစ်ကော်မရှင်ဘက်က Y 12 နဲ့ ဗုံး ၂ လုံးလာရောက်ကြဲခဲ့တဲ့အပြင် ချောင်းကောက်ကျေးရွာဘက်ကနေလည်း လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


“ဗုံးက မင်္ဂလာဆောင်အိမ်နဲ့ဘေးကအိမ်ကိုကျတာ။ ဆောင်နေတဲ့အချိန်ဖြစ်တာ။ မင်္ဂလာပွဲက မပြီးသေးဘူး။ တော်သေးတာက ပွဲပေါ်မကျလို့ ပွဲပေါ်ကျပြီးထိခိုက်ပိုများမှာ”လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးထိမှန်ပြီး ရွာခံအသက် ၃၅ နှစ်အရွယ် မမို့မို့ဝင်းမှာ ပြင်းထန်ဒဏ်ရာရပြီးနောက် ဆေးကုသနေချိန်သေဆုံးကာ အသက် ၄၂ နှစ်အရွယ် ကိုသန်းဇော်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ပြီးဒေသခံတချို့လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။



ဩဂုတ် ၁၉ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာနဲ့ဖလန်ပင်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သားအဖ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။



စာတည်း – လင်း