PDF ကို စစ်တပ်နဲ့မှားပြီး ကဒ်ပြားထုတ်ပြတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

0 58
0 58

ကြို့ပင်ကောက်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်-ဂွေးကောင်းပင်ကျေးရွာသွားလမ်းပေါ်မှာ ပြည်သူစစ်ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျား(အုတ်ဖို) တပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူက ဂွေးကောင်းပင်ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းအောင်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်မနက် ၆ နာရီခန့်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူက ကြို့ပင်ကောက်မှာ သူသားကိုကျောင်းပို့ပြီး ဆိုင်ကယ်နဲ့ပြန်လာမှာ ကျနော်တို့နဲ့တွေ့တာ။ ကျနော်တို့ကို နဲ့မှားတာ။ မင်းတို့ငါ့ကိုတောင်မသိဘူးလား။ ငါပြည်သူစစ်ခေါင်းဆောင်ဆိုပြီး ကဒ်ပြားတွေရှိတယ်ဆိုပြီးလုပ်နေသေးတာ။ သူမှန်းသိလို့ရပ်ခိုင်းလိုက်တာ။ သေနတ်တွေကသေနတ်တွေဆိုတော့ သူတို့လိုထင်တာ”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တပ်ဖွဲ့မှူး ဒေဝကပြောပါတယ်။

အဆိုပါပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို လမ်းပိုင်းဘေးတနေရာကိုဖမ်းခေါ်သွားပြီးနောက် ဦးခေါင်းကို ၃ ချက်ပစ်ခတ်ကာ ပြည်သူ့စစ် ကဒ်ပြား ၁ ခုနဲ့ ဖုန်းတလုံးကို သိမ်းဆည်းခဲ့ပြီး ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ စစ်သင်တန်းတက်ရောက်ထားသူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းတာ၊ စစ်မှုထမ်းကြေးဆိုကာ ငွေကြေးခြိမ်းခြောက်ကောက်ခံတာ၊ လူငယ်တွေကို စစ်ကော်မရှင်တပ်တွေနဲ့အတူ ပေါ်တာဆွဲဖမ်းဆီးတာ၊ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရာမှာ လမ်းပြအဖြစ်လိုက်ပါပေးတာတွေကြောင့် ပစ်ခတ်ခဲ့တာလို့ တပ်ဖွဲ့မှူးဒေဝက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု ငွေဖလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးသောင်းဆိုသူ နေအိမ်မှာပစ်သတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။