PDF တွေကြားဖြတ်တိုက်လို့ မြို့သာရဲစခန်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

0 25
0 25

ငါန်းဇွန်၊ နိုဝင်ဘာ ၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ စျေးကပြန်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ Special Task Force Nagazun ဆီက သိရပါတယ်။

အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မြို့သာရဲစခန်းကဖြစ်ပြီး နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စျေးကနေပြန်ချိန် လမ်းပိုင်းတနေရာမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မြို့သာရဲစခန်းကနေ အရက်ဝယ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ (စစ်ကော်မရှင်တပ်တွေနဲ့) မီတာ ၂၀ အကွာအဝေးလောက်ကနေ ထွက်လာတဲ့ ၃ ကောင်ကို ပစ်ခတ်ခဲ့တာ၊ ၂ ကောင်ကတော့ နေရာမှာတင် သေဆုံးသွားတယ်၊ ၁ ကောင်ကတော့ ဒဏ်ရာတွေနဲ့ ပြန်ဆုတ်သွားတာ”လို့ Special Task Force Nagazun တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် မြို့သာရဲစခန်းထဲကနေ ၆၀ မမနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေနဲ့လည်း ဗုံးသီးချ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ခဲယမ်းတွေမသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“စခန်းထဲမှာ ရောနေတော့ ရဲလား၊ စစ်သားလား၊ အတိအကျမသိရဘူး။ ၃ ဦးလုံး‌ သေနက်တွေပါတယ်၊ လက်နက်ခဲယမ်းတော့ မရခဲ့ဘူး၊ ‌သူတို့က ဘေးပတ်ချာလည်ကနေ ပြန်ပစ်တာ၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်”လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း မြို့သာရဲစခန်းကနေ မြို့သာဈေးထောင့်မှာ လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကို Special Task Force Nagazun က ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။