ကပစနဲ့ဝါဇီတပ်ကို လျှပ်စစ်မီးပေးတဲ့ ဓာတ်အားခွဲရုံကို မိုင်းခွဲခဲ့လို့ စစ်တပ်တွင်း ဓာတ်အားတချို့ ပြတ်တောက်

0 2
0 2

မင်းဘူး၊ ဧပြီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်မှာရှိတဲ့ စစ်ကောင်စီလက်အောက် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Black Hawk Seinkphyu Revolution Front အဖွဲ့ထံက သိရပါတယ်။

အဲ့ဒီတညောင်လျှပ်စစ်ဓာတ်အားခွဲရုံဟာ ဆိပ်ဖြူမြို့နယ်အတွင်းက ကပစ ၂၁ ၊ ကပစ ၂၂ နဲ့ ဝါဇီပိုက်ဆံထုတ် စစ်တပ်စက်ရုံ ၃ ခုကို လျှပ်စစ်ဓာတ်အားပို့ပေးနေတဲ့ ဓာတ်အားပေးစက်ရုံဖြစ်တဲ့အတွက် တိုက်ခိုက်တာ ဖြစ်တယ်လို့ အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ရွာတွေကို မီးပေးတဲ့ ၁၁‌ ကေဗွီလား စစ်တပ်ကိုပေးတဲ့ ၆၆ ကေဗွီလား ဆိုတာ အချိန် ၂ ပတ်လောက်ယူပြီး ထပ်ခါထပ်ခါ စစ်ဆေးပြီးမှ လုပ်ခဲ့တာ။ အဲ့စက်ရုံဝန်းက သံဇကာတွေ တပ်ထားတယ်။ အဲ့သံဇကာတွေမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်ထားတာလည်း မြင်ရတယ်။ အဲ့ဒီကြားထဲကမှ အဆင်ပြေအောင် ဝင်ပြီး မိုင်း ၃ လုံးခွဲတာ” လို့ ပြောပါတယ်။

တညောင်ဓာတ်အားပေးစက်ရုံဟာ စစ်ကောင်စီတပ်ရဲ့အရေးကြီးစက်ရုံတွေဖြစ်တဲ့ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် ကပစ ၂၁၊ ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ နဲ့ ဝါဇီအခြေစိုက် လုံခြုံရေးနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (လနစ) စတဲ့စက်ရုံတွေအပြင် မင်းဘူးခရိုင်နဲ့ သရက်ခရိုင်ထဲက ကပစစက်ရုံတချို့ကိုလည်း လျှပ်စစ်မီးဖြန့်ဝေပေးနေတာလို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ၆၆ ကေဗွီ ထရန်ဖော်မာ တလုံး၊ ၆၆ ကေဗွီ မီးကြိုး ၄ ကြိုးပြတ်ကာ မီးကြိုး သွယ်တန်းထားတဲ့ ဓာတ်တိုင်လည်း ကျိုးခဲ့ပြီး ဒီကနေ့အချိန်ထိ လုံခြုံရေးယူကာပြင်ဆင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီမှာ အရန်ဓာတ်အားလိုင်းတွေရှိတဲ့အတွက် အခုတိုက်ခိုက်မှုဟာ လျှပ်စစ်မီး လုံးဝ ပြတ်တောက်သွားတဲ့ထိတော့ မဖြစ်ခဲ့ပေမယ့် ကပစ၂၁ နဲ့ ကပစ ၂၂ မှာတော့ ဓာတ်အားမလုံလောက်မှု ဖြစ်ပွားနေပြီး စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေ အကုန်မလည်ပတ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ဓာတ်အားခွဲရုံကို ဖောက်ခွဲပြီးနောက် စစ်ကောင်စီတပ်တွေ လာနိုင်တဲ့လမ်းကြောင်းကို မိုင်းတွေဆင်ခဲ့ပေမယ့် အရပ်သားဝန်ထမ်းတွေ ထိမှန်မှာ စိုးရိမ်ရတဲ့အတွက် ပြန်တူးဖော်ခဲ့ရတယ်ကာ တိုက်ခိုက်မှုကိုတော့ Black Hawk Seinkphyu Revolution Front အဖွဲ့နဲ့ Oak Awe UG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် ထိမှန်ခဲ့ပါသေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။