စစ်ဘေးရှောင်အချို့အတွက် ထန်းလက်တဲ ၁၀၀ ကျော် ဆောက်လုပ်ပေးထားနိုင်

0 2
0 2

ချောင်းဦး၊ ဧပြီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကနေ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အချို့အတွက် ထန်းလက်တဲ ၁၀၀ ကျော်ကို ဆောက်လုပ်ပေးထားတယ်လို့ Chaung U Revolution အဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲနဲ့ ပျူရန်တွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ရတာ ရက်ကြာလာတဲ့အတွက် အခြားသူနေအိမ်နဲ့ ခြံတွေထဲမှာ နေထိုင်ရတာ အဆင်မပြေမှုတွေ ဖြစ်လာလို့ အကူအညီတောင်းလာရာကနေ တဲတွေဆောက်လုပ်ပေးရင်း အလုံးရေ ၁၀၀ ကျော်တဲ့အထိ ဆောက်လုပ်ပေးနိုင်ခဲ့တာလို့ Chaung U Revolution အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခုဆို ကျနော်တို့ဘက်ခြမ်းက ရွာတွေမှာ နှစ်ချီပြီး စစ်ဘေးရှောင်နေရတဲ့သူတွေ ရှိတယ်။ ရေရှည်ကျတော့ သူများနေရာမှာ နေရတာ အဆင်မပြေတော့လို့ လာအကူအညီတောင်းတော့ လွတ်တဲ့နေရာလေးမှာ စီစဥ်ဆောက်လုပ်ပေးဖြစ်တယ်။ ခုလုပ်ပေးခဲ့သလောက်က စစ်ဘေးရှောင်နေသူအားလုံးအတွက် မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့ဆီကို အကူအညီ လာတောင်းတဲ့သူတွေလောက်ပဲ လုပ်ပေးနိုင်သေးတယ်” လို့ ပြောပါတယ်။

အခုလို ဆောက်လုပ်ပေးတာဟာ ချောင်းဦးမြို့နယ် ပကဖ ဦးဆောင်မှု၊ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းလောက်က စတင်ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့အချိန်ထိ တဲဆောက်လုပ်ပေးဖို့ အကူအညီလာတောင်းသူတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ရွှေလှေ၊ ရွှေကျင်နဲ့ ယာကြီးတော စစ်ရှောင်တွေအတွက် ဆောက်လုပ်ပေးခဲ့ကာ၊ ၁၂ ပေ×ပေ ၂၀ ခန့်ရှိ တဲတွေ ဆောက်လုပ်ပေးခဲ့ပြီး၊ တဲတလုံး ကုန်ကျစရိတ် ကျပ်တသိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ချောင်းဦးမြို့နယ်ထဲက ရွှေလှေ၊ ရွှေကျင်၊ ယာကြီးတော၊ ဝယာကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။