26 July 2026 11:17 PM

တကောင်းက စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များလို့ ဆေးဝါးလိုအပ်နေ

0 1
0 1

တကောင်း၊ ဧပြီ ၂၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များနေလို့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေမှာ သောက်ရေသုံးရေ အခက်အခဲရှိပြီး မသန့်ရှင်းတဲ့ ရေတွေကိုသောက်ရတာကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားနေတယ်လို့ တကောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

“ကလေးရော သက်ကြီးရွယ်အိုတွေ အဖြစ်များတယ်။ သောက်သုံးရေနဲ့ ရိက္ခာခြောက်တွေကူညီပေးထားပါတယ်။ ဆေးဝါးကျွမ်းကျင်တဲ့ ဆရာမတချို့ရှိပေမယ့် ဆေးဝါးမလုံလောက်ပါဘူး” လို့ တကောင်း ပကဖတာဝန်ခံက ပြောပါတယ်။

တောတွင်းမှာဖြစ်တော့ ကူညီပေးသူတွေ မလာနိုင်ကြဘဲ ပြည်သူတွေကပါလာတဲ့အစားအစာကို ချွေတာစားနေရတာ၊ ရေကိုနီးစပ်ရာ ဘုံဘိုင်နဲ့ စိမ့်စမ်းရေတွေကို သုံးနေရတာ၊ သစ်ပင်အရိပ်အောက်မှာရှိတဲ့အခင်းနဲ့ ဖြစ်သလို နေထိုင်နေကြရတာလို့ ဆက်ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျောဖြစ်တာ နှစ်ရက်သုံးရက်ခန့်ရှိပြီး ဖြစ်ပွားသူဦးရေ ၈၀ – ၁၀၀ ခန့်ရှိနေသလို ဆေးကုသပေးတာနဲ့ လိုအပ်တဲ့ဆေးဝါးထောက်ပံ့တာမျိုး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားတာနဲ့ပတ်သက်လို့ “ရေကိုကျိုချက်သောက်ဖို့ လိုတယ်။ အသား၊ ငါးချက်ရင်လည်း နူးပြီးကျက်အောင် ချက်ပြီးမှ စားဖို့လိုမယ်။ ဟင်းသီးဟင်းရွက်တွေဆိုရင် ရေစင်အောင် ဆေးပီးမှ စားသင့်တယ်။ အစာချက်တဲ့သူရော စားတဲ့သူတွေက လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့လိုပါတယ်” လို့ CDM ဆရာဝန်တဦးက အကြံပြုပါတယ်။

မစင်စွန့်တဲ့နေရာက ရေသုံးတဲ့နေရာနဲ့ ဝေးဝေးမှာ စွန့်ဖို့၊ ချောင်းတို့ကန်တို့နဲ့ ကိုက် ၁၀၀ အကွာလောက်မှာ စွန့်ပစ်ဖို့၊ အိမ်သာအခက်အခဲရှိလို့ မစင်စွန့်ပြီးရင်လည်း မြေကြီးနဲ့ ပြန်ဖုံးတာမျိုး လုပ်သင့်တယ်လို့ ဆရာဝန်က ဆက်ပြောပါတယ်။

အဓိကဓာတ်ဆေးရည်များများ ဆောင်ထားသင့်ပြီး၊ ဝမ်းပိတ်ဆေးက ဝမ်းအရမ်းသွားပြီး မခံနိုင်တဲ့အခါမှ သောက်ဖို့နဲ့ ဝမ်းချုပ်သွားတာမျိုးဖြစ်တတ်တဲ့အတွက် တတ်နိုင်ပါကပိုးသတ်ဆေးဆောင်ထားသင့်ပြီး၊ ခန္ဓာကိုယ်ကိုယ်တွင်းမှာရှိတဲ့ ကောင်းတဲ့ပိုးတွေကို ပြန်ဖြည့်ပေးတဲ့ ဆေး(၄) မျိုးဖြစ်တဲ့ ဓာတ်ဆားရည်(BBI)၊ Dicotil(ဝမ်းပိတ်ဆေး)၊ Bioflor Metronidazole 400 mg (ပိုးသတ်ဆေး)၊ Ciprofloxacin 500 mg (ပိုးသတ်ဆေး) တို့ကို ဆောင်ထားသင့်ပြီး ရာသီဥတု ပူတာနဲ့ ဝမ်းတအားလျောနေရင် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

တကောင်းတိုက်နယ်ဖြစ်တဲ့ ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတောစတဲ့ ကျေးရွာနေပြည်သူ (၄၀၀၀) ကျော်မှာ ဧပြီ ၁၆ ရက်နေ့ကစလို့ စစ်ကောင်စီက စစ်ကြောင်းထိုးရွာတွေ မီးတင်ရှို့လို့ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။