မြေလတ်အသံ၊ အောက်တိုဘာ ၂၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၁ ရက်နေ့လည် ၃ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ် ဘုရားငါးဆူအနီးရှိ ဖူဆယ်ဘောလုံးကွင်းကို ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် အသက် ၂၀ ဝန်းကျင်ရှိတဲ့ အမျိုးသား ၃ ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။


“အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူး။ ရှာဖွေကယ်ဆယ်ရေးတွေ ဦးစားပေးလုပ်နေကြရတယ်”လို့ မိုးကုတ်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသား ၃ ဦးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။


ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်နေ့လည် ၂ နာရီကျော်အချိန်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျောက်ဖားကျေးရွာရှိ ကြက်မွေးမြူရေးခြံကို စစ်ကော်မရှင်တပ်က ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကြဲချခဲ့တာကြောင့် ခြံပျက်စီးပြီး ကြက်တွေသေဆုံးခဲ့တယ်လို့ သိရပါတယ်။