တိုက်ပွဲအတွင်းအင်အားမမျှလို့ PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲ

0 260
0 260

မင်းလှ၊ အောက်တိုဘာ ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲမှာ တိုက်ပွဲဖြစ်ပြီး မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒုတပ်ခွဲမှူး အသေခံဗုံးခွဲတိုက်ခိုက်ပြီး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲမှာ သရက်အုပ်လမ်းခွဲအနီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပတ်သွားချိန် စစ်ကော်မရှင်တပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုစတင်ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာပဲ လက်ပံတံခါးရွာ ရဲကင်းစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထပ်ရောက်လာတဲ့အတွက် အင်အားမမျှတဲ့အခြေအနေနဲ့ ရင်ဆိုင်ရချိန်မှာ ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။

“ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးဟာ ဒီတိုက်ပွဲကို ဆင်နွှဲဖို့မဟုတ်ဘူး၊ ဒီလိုဖြစ်မယ်လို့ လည်း မထင်ဘူး၊ အဓိက ကင်းပတ်တာ၊ ကင်းပတ်ရင်းနဲ့ လမ်းဘေးမှာ သူတို့ရောက်ရှိနေတဲ့အချိန် **ကားတွေ ဝင်လာတာသတင်းရလို့ စောင့်ဆိုင်းတာ၊ အဲ့ဒီမှာတိုက်ပွဲဖြစ်တာ၊ ဒုခွဲမှူးကျဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး လွတ်မြောက်တယ်၊” လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း၊ အမှတ် ၁ စစ်ဒေသ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

စစ်ကော်မရှင်ဘက်က အင်အားထပ်တိုးလာချိန်မှာ စုစုပေါင်းအင်အား ၈၀ ဝန်းကျင်ရှိပြီး တော်လှန်ရေး တပ်တွေဘက်က ၅ ဦးသာရှိခဲ့ကာ ကျဆုံးခဲ့သူဟာ အသက် ၂၂ နှစ်အရွယ် ဒုတပ်ခွဲမှူး စည်သူဝင်း (ခ) ဝဿန်ဖြစ်ပြီး အလောင်းကိုတော့ တပ်ရင်းကပြန်လည်မသယ်ယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“အင်အားမမျှတော့ သူ့သေနတ်ကို တပ်စိတ်မှူးကိုပေးပြီး မင်းဆုတ်တော့ မင်းတို့ ၄ ယောက်နဲ့ ငါ ၁ ယောက်မလဲနဲ့ ထားခဲ့တော့ဆိုပြီးပြောတာ။ အဲ့ဒီအချိန်မှာရဲဘော် ၃ ဦးက ကျည်လွတ်ရာပြေးရင်း တကွဲတပြားဖြစ်နေတော့ တပ်စိတ်မှူးက ဒုခွဲမှူးရဲ့အမိန့်ကြောင့် ကျည်တွေခေါင်းပေါ်မှာဝဲနေတဲ့ကြားက Gun ကို ယူပြေးပြီး မီတာ ၁၀၀ အရောက်မှာ ချုံထဲဝပ်ပြီး ဒုခွဲမှူးကိုကြည့်ချိန် ဒုခွဲမှူးက လက်ပစ်မိုင်းကို စနက်တံဖြုတ်ပြီး **တွေက အရှင်ဖမ်းဖို့ကပ်လာချိန် လက်ပစ်မိုင်းကို ဗိုက်အောက်သွင်းပြီး မှောက်ချလိုက်တာပါ။” လို့ ရုံးတာဝန်ခံဆရာ ကျောင်းက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမအနီးက ဒေသခံတွေကို စစ်ကြောင်းထိုးဖမ်းဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။