သင်္ကြန်အကျနေ့ လုံခြုံရေးယူနေတဲ့ရဲတွေ အဝေးထိန်းမိုင်းခွဲခံရလို့ ဒဏ်ရာရသူတွေရှိ

0 3
0 3

ရေနံချောင်း၊ ဧပြီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ရွာအနီး ပင်းချောင်းတံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မကွေးခရိုင် တပ်ရင်း ၂၊ တပ် ခွဲ ၁ Yenangyaung PDF အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မနက် ၁၀ နာရီဝန်းကျင်မှာ အင်အား ၁၀ ဦးခန့်ရှိ စစ်ကောင်စီလက်အောက်ခံရဲတွေကို အဝေးထိန်းစနစ်နဲ့ မိုင်း ၁ လုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ရဲတချို့ဒဏ်ရာရရှိခဲ့တယ်လို့ ရေနံချောင်းPDF တာဝန်ခံ ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

“ဒေသအခေါ် ၃၆ ပင်းချောင်းတံတားပေါ့၊ အဲ့ဒီပေါ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတွေကို အဝေးထိန်းမိုင်းအကြီးစား ၁ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ရှိတယ်။ ရဲတွေ သေဆုံးတာတော့မရှိဘူး၊ ဒဏ်ရာရတဲ့အဆင့်ပဲရှိတယ်” လို့ ပြောပါတယ်။

သင်္ကြန်ကာလအတွင်း စစ်အုပ်စုကိုဆက်လက်တိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပနေတဲ့ အတုအယောင်သင်္ကြန်ပွဲကို မသွားကြဖို့၊ စစ်အုပ်စုရှိတဲ့နေရာတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ တော်လှန်သင်္ကြန်မှာ ပါဝင်ကြဖို့ကိုလည်း သူကသတိပေးပြောဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် သင်္ကြန်အကြတ် ဒီကနေ့မှာတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပင်းချောင်းတံတားနဲ့ အနီးတဝိုက်တွေမှာ လှည့်လည်ကင်းပတ်နေပြီး အစစ်အဆေးတင်းကြပ်ကာ မိုင်းရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung နဲ့ Yenangyaung Local People’s Defence Force ဖေကံကောင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ရေနံချောင်းမြို့မရဲစခန်းကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့ရာ ဘန်ကာတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။