မန္တလေးမှာ ၂ ရက်ဆက် ငလျင်ငယ်ထပ်မံလှုပ်ခတ်

0 25
0 25

မန္တလေး၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

မန္တလေးတိုင်းမှာ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်ဒီကနေ့မနက်မှာ ငလျင်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီကသိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ည ၁၂ နာရီ ၄၂ မိနစ်မှာ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ရွာကို အခြေပြုပြီး ပြင်းအား ၃.၅ ရှိငလျင်လှုပ်ခတ်ခဲ့ပြီး ဒီမနက် ၉ နာရီ ၁၆ မိနစ်မှာ ငလျင်ငယ်တခုထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

“မနက်ရော၊ ညရော လှုပ်တာဆိုတော့ အခုပြန်စိုးရိမ်နေရတယ်။ အသံနဲ့ပြင်းအားလည်း တော်တော်သိသာတယ်။ အိမ်ကို ကိုင်ပြီးဆွဲနှဲ့လိုက်သလိုပဲ”လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

မနေ့ကငလျင်မလှုပ်ခင် ဆိုရှယ်မီဒီယာမှာ ငလျင်ကြီးထပ်မံလှုပ်ခတ်နိုင်ကြောင်း သတင်းတွေပျံ့နှံ့ခဲ့တာကြောင့် ဒေသခံတွေလည်းစိုးရိမ်ခဲ့ရပြီး ဒီငလျင်သတိပေးချက်နဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ငလျင်ပညာရှင်တဦးကတော့ လတ်တလောငလျင်ကြီးလှုပ်ခတ်ဖို့ မရှိနိုင်သေးတာကြောင့် စိုးရိမ်စိတ်မလွန်ကဲကြဖို့ကို ပြန်လည်သတိပေးထားပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ‌မန္တလးမြို့မှာပျက်စီးခဲ့တဲ့ ဈေးနဲ့ အဆောက်အဦတွေ ယခုအချိန်ထိပြန်လည်ပြုပြင်တည်ဆောက်နေရဆဲဖြစ်ကာ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ပြိုကျပျက်စီးခဲ့တဲ့ SKY Villa ကွန်ဒို အောက်ကနေလည်း လူ ၂၀၇ ယောက် အလောင်းတွေပြန်တွေ့ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်‌ကစလို့ အလောင်းရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။