ပြည်မြို့က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို လုံခြုံရေးတင်းကျပ်စွာနဲ့ ပြုလုပ်ခဲ့

0 3
0 3

ပြည်၊ ဧပြီ ၁၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ပြုလုပ်ရာမှာ မြို့တွင်းလမ်းတွေပိတ်ပြီး အစစ်အဆေးတင်းကျပ်စွာနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက်ဒီမနက် ၇ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ပြုလုပ်ခဲ့ရာ ဝန်ထမ်းအနည်းငယ်သာ တက်ရောက်ခဲ့ပြီး ပြည်သူတွေ တက်ရောက်သူမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ဗိုလ်ချုပ်ကျောက်ရုပ် မြို့လယ်ခေါင်လမ်းဆုံမှာ သူတို့ ဗဟိုမဏ္ဍပ်လုပ်ပြီး ဖွင့်ပွဲလုပ်တာ။ လမ်းတွေက ပိတ်ထားတယ်။ အစစ်ဆေးလည်း များတယ်။ လူကတော့ သူတို့လူနည်းနည်းလောက်ပဲရှိတယ်။ အခြေနေကောင်းတုန်းကဆိုရင် ဘာပြောကောင်းမလဲ ဖွင့်ပွဲနေဆို စည်ကားနေတာ တိုးမပေါက်ပဲ။ သူတို့ကတော့ မဖြစ်ဖြစ်အောင်လုပ်မှာပဲ” လို့ ပြောပါတယ်။

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲလုပ်ဖို့အတွက် ဧပြီလ ၁၂ ရက် မနေ့ညပိုင်းကတည်းက မဏ္ဍပ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်တပ်တွေနဲ့ ရဲတွေ လုံခြုံရေးအများအပြားချထားသလို ဒီနေ့မနက် ဖွင့်ပွဲမှာလည်း အရပ်ဝတ်၊ ယူနီဖောင်းဝတ်တွေနဲ့ လုံခြုံရေး အင်အား ၅၀ ထက်မနည်း ထားရှိကာ မဏ္ဍပ်လာသမျှယာဥ်တွေကို တားဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ကြန်အကြိုနေ့ မနက်ပိုင်း ဒီမနက်မှာတော့ ပြည်မြို့အတွင်းမှာ ရေကစားသူမရှိသလောက်နည်းပါးပြီး ကလေးငယ်အချို့သာ အိမ်ရှေ့တွေမှာ ရေပက်ကစားတာတွေရှိတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်နှစ်တွေမှာ သင်္ကြန်အကြိုနေ့မတိုင်ခင်ကတည်းက ပြည်မြို့အတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ သင်္ကြန်မဏ္ဍပ်တွေ အများအပြားနဲ့ ရပ်ကွက်အိမ်ရှေ့တွေမှာ ဒေသခံမိသားစုအလိုက် အုန်းလက်မဏ္ဍပ်တွေ ထိုးတာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။