မဲဇလီတံတားရှိစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

0 13
0 13

တိုက်ပွဲတွင်းသေဆုံးစစ်သားအလောင်း ၄ လောင်းကို ဂိတ်အနီးသင်္ဂြိုဟ်ပေးခဲ့

ပွင့်ဖြူ၊ အောက်တိုဘာ ၈၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းက မဲဇလီဆည်‌တော်ကြိုးတံတားရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းဆီက သိရပါတယ်။

မဲဇလီဆည်‌တော်ဂိတ်မှာ ပွင့်ဖြူအခြေစိုက် ဝါစိုက်ပျိုးရေးတပ်မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ရှိနေချိန် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၈ မိနစ်ကနေ ၆ နာရီ ၃၈ မိနစ်အထိ ၁ နာရီခွဲအကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“မဲဇလီဆည်‌တော်ကြိုးတံတားရဲ့ တောင်ဘက်မှာရှိတဲ့ မဲဇလီဆည်တော်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ၊ ဂိတ်တဂိတ်လုံးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်၊ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကော်မရှင်ဘက်က စစ်ကူတာ‌တွေ၊ လေကြောင်းပစ်ကူတာတွေ မရှိပါဘူး၊ ရန်သူဘက်က အလောင်း ၄ လောင်း လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်၊” လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဘက ပြောပါတယ်။

အဲ့ဒီဂိတ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ သစ်၊ ဝါးသမားတွေဆီက ပိုက်ဆံကောက်ပြီး ခရီးသွားနဲ့ ဈေးသည်တွေဆီကလည်း ပိုက်ဆံကောက်တာတွေလုပ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ ပွင့်ဖြူမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့တာဖြစ်ပြီး တိုက်ပွဲတွင်းသေဆုံးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးကို အဲ့ဒီနေရာမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကိုအောင်ဘ က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွင်း G3 ၃ လက်၊ အူစီ ၃ လက်၊ ကျည်ဆံ ၁,၈၀၀ တောင့်၊ လက်ပစ်ဗုံးနဲ့ ကျည်ဘောက်တွေအပါအ၀င် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က အောက်တိုဘာ ၇ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ အဆိုပါဂိတ်စခန်းအနီးကို မကွေးလေတပ်ကလာတဲ့ ဂျက်ဖိုက်တာပေါ်က ဗုံး ၅ လုံးနဲ့ ၁ ကြိမ်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံး ၃ လုံးနဲ့ ၁ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။