12 July 2026 6:17 AM

မိုးများလို့ နိုင်ငံအလယ်ပိုင်းမြို့တချို့ရေကြီးခဲ့ပြီး မုန်တိုင်းကြောင့်နောက် ၅ ရက်အတွင်း ရေကြီး၊ မြေပြိုဖြစ်နိုင်ဟု မိုးဇလသတိပေး

0 12
0 12

မကွေး၊ စက်တင်ဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်းအတွင်းရှိမြို့နယ်တချို့မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် စက်တင်ဘာ ၂၄ ရက် ညပိုင်းကစတင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

မင်းဘူးမြို့နယ်နဲ့ မင်းလှမြို့နယ်အတွင်းတို့မှာ ရေကြီးရေလျှံနေတာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်ည ၁၀ နာရီခန့်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မင်းဘူးမြို့နယ်၊ ဆားပွက်ချောင်း ရေလျှံပြီးကျောက်တန်းကျေးရွာအတွင်း ရေဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်ဒီမနက်ပိုင်းမှာ မင်းဘူးမြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး မင်းဘူး-စကုလမ်း ပေါ်ရေကျော်ကာ မန်းချောင်းရေလျှံပြီး အောက်စက်တော်ရာဘုရားကိုလည်း ရေဝင်ရောက်နေတဲ့အပြင် မင်းလှမြို့နယ်၊ သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ် ၅၀/၀ နဲ့ ၅၀/၁ ကြားမှာလည်း ချောင်းရေးကြီးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Myanmar Fire Service Department.
ဓာတ်ပုံ – Myanmar Fire Service Department.
ဓာတ်ပုံ – Myanmar Fire Service Department.

ဒါ့အပြင်စကုမြို့မှာလည်း ၃ ရက်ဆက်မိုးရွာသွန်းတာကြောင့် ချောင်းရေတက်ပြီး ရေကြီးရေလျှံဖြစ်ကာ စပါးစိုက်ခင်းနဲ့ နှမ်းစိုက်ခင်းတွေလည်း ရေလွှမ်းမှုဒဏ်ကိုခံခဲ့ရတယ်လို့ စကုမြို့ခံတဦးက ပြောပါတယ်။

“စကုမြို့ ဝါဒိုင်နဲ့ စစ်တပ်အကြားမှာ မိုးရွာတော့ကျ ချောင်းရေတွေစီးလာတာ၊ မိုးက ၂ ရက် ၃ ရက်ဆက်တိုက် ရွာတာ၊ မုန်တိုင်းအရှိန်ကြောင့်လည်း ဖြစ်နိုင်တယ်၊ လမ်းဘေးဝဲယာက မြောင်းတွေက ရေလျှံတာတော့ရှိတယ်။၊” လို့ စကုမြို့ခံတဦးကပြောပါတယ်။

လက်ရှိမှာ ချောင်းရေကျနေပြီး ရေလွှမ်းမှုကြောင့် နှမ်းစိုက်ခင်းတွေပျက်စီးမှုရှိကာ ဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ – Myanmar Fire Service Department.
ဓာတ်ပုံ – Myanmar Fire Service Department.

“ချောင်းရေဆိုတော့ တန်းပြီးကျသွားတာဆိုတော့ အခုအချိန်ကတော့ သွားလို့လာလို့ အဆင်ပြေပါပြီ။ နေ့လယ် ၁ နာရီလောက်က ရေကျသွားတာပါ။ နေအိမ်ပျက်စီးမှုတော့ မရှိပါဘူး၊ စပါးကတော့ အများဆုံးပါ။ နှမ်းစိုက်ခင်းတွေလည်း အနည်းအပါးပျက်စီးတယ်” လို့ စကုမြို့ခံတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့နဲ့ ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့နယ်အတွင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ကြုံတွေ့နေကြရပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်တောင်ပိုင်းဒေသတွေကို ဖြတ်ကျော်နေတဲ့ အားကောင်းသော အပူပိုင်းမုန်တိုင်း “ရာဂါဆာ” ကြောင့် ဒီကနေ့မှာစပြီး အောက်တိုဘာ ၁ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂၅ ရက် ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့၊ လျှပ်တပြက်ရေကြီးမှု၊ မြေပြိုမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကြိုတင်သတိပြုရှောင်ရှားကြဖို့ကိုလည်း မိုးဇလကသတိပေးထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။