မတ္တရာ၊ စက်တင်ဘာ ၂၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ကျေးရွာမှာ စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်ညနေ ၃ နာရီခန့်မှာ လက္ကောင်းကြီးကျေးရွာသင်္ချိုင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ရုံးပင်ကျေးရွာဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခဲ့ရာ လူနေအိမ်ပေါ်တွေနဲ့ ကျေးရွာအပြင်ဘက်ကိုကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“ထိတဲ့သူမိသားစုက နေအိမ်ပေါ်တည့်တည့်ကျတာ။ အမျိုးသမီးက သေတယ်။ ကလေးနဲ့ ယောကျာ်းလုပ်သူက ဒဏ်ရာရတယ်။ ခုတလော ဒီကောင်တွေ(စကမ)လက်နက်ကြီးတွေပစ်တာ များပြားလာ တယ်။ တနေ့ကို အလုံး ၅၀ လောက် ပြည်သူကျေးရွာတွေကိုပစ်နေတာ။ သူတို့ပစ်တဲ့နေရာတွေက တိုက်ပွဲဖြစ်တာမရှိဘူး”လို့ ရုံးပင်ကျေးရွာနဲ့နီးစပ်သူတဦးကပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ အသက် ၃၅ နှစ်အရွယ် မအေးအေးမော်မှာ နေရာမှာတင်သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူမှာ မျက်ခုံးဒဏ်ရာရ၊ အမျိုးသားဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုသိန်းထွေးမှာ လက်မှာဒဏ်ရာသွားပြီး နေအိမ်လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က လက်နက်ကြီးပစ်ခတ်လို့ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ရုံးပင်ကျေးရွာက ဒေသခံ ၅၀၀ ကျော်လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်း၊ အင်ကြင်းမြိုင်ကျေးရွာ အနီးဝန်းကျင်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲလို့ ကိုရင် ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ် သိရပါတယ်။
စာတည်း – လင်း