ပဲခူးဗဟိုမဏ္ဏပ်ကို ဆောက်နေကျနေရာကနေ လူစည်ရာနေရာကို ပြောင်းရွေ့ဆောက်လုပ်

0 1
0 1

ပဲခူး၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကောင်စီက ပဲခူးဗဟိုမဏ္ဏပ်ကို နှစ်စဉ်ဆောက်လုပ်နေကျနေရာမှာ မဆောက်လုပ်တော့ဘဲ အခြားနေရာတခုမှာ ပြောင်းရွှေ့ဆောက်လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ယခင်က ဗဟိုမဏ္ဏပ်ကို ပဲခူးမြို့ပေါ်က ဆေးရုံကြီးရှေ့မှာ နှစ်စဉ်ဆောက်လုပ်ခဲ့ပေမဲ့လည်း ဒီနှစ်မှာတော့ ပြည်တော်သာထိပ်၊ အင်ဂျင်နီယာရုံးရှေ့ (ဆေးရုံအနောက်လမ်း ) မှာ ပြန်လည်ဆောက်လုပ်နေတယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“ဒီနှစ်ဆောက်တဲ့ ဗဟိုမဏ္ဏပ်က ကြီးလည်းကြီးတယ်။ တော်တော်လည်း ရှည်တယ်။ လမ်းစုံဖြစ်တဲ့နေရာလည်း ဖြစ်တယ်။ အရင်နေရာမှာ မလုပ်တော့တာက သူတို့ (စစ်ကောင်စီ)အဲဒီလမ်းတဝက်ကို တားဆီးတွေချထားတာ။ သံဆူးကြိုးတွေနဲ့လည်း ကာထားထယ်။ ဖြူ ၊ နီ အတုံးတွေနဲ့လည်း လမ်းတွေကာထားတော့ လမ်းက ကျဉ်းကျဉ်းလေးဖြစ်သွားလို့ မလုပ်တော့တာ” လို့ ဆိုပါတယ်။

မဏ္ဏပ်ဆောက်လုပ်တဲ့ အလုပ်သမားတွေကိုလည်း ထမင်းစားချိန်ကလွဲပြီး အနားမပေးသလို မဏ္ဏပ်ကို စစ်ကောင်စီတပ်ဖွဲ့ နဲ့အတူ ပဲခူးမြို့ပေါ်က လုပ်ငန်းရှင်တချို့က ပူးပေါင်းပြီးဆောက်လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

“အဲဒီမဏ္ဏပ်ကိုဆောက်တာ ရပ်ကွက်လူတွေစီကနေ ကောက်ခံတဲ့ငွေတွေရော၊ စစ်ကောင်စီနဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေရော ပေါင်းပြီးဆောက်နေတာ။ အလုပ်သမားတွေကိုလည်း တချက်လေးတောင် နားခွင့်မပေးဘူး။ ထမင်းစားပြီးတာနဲ့ တန်းလုပ်ရတယ်။ လုံခြုံရေးတွေချထားတာမျိုးတော့ မရှိသေးဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲမှာ Non CDM ဝန်ထမ်းတချို့ကို ဗဟိုမဏ္ဏပ်မှာ ကပြဖျော်ဖြေဖို့အတွက် အထက်လူကြီးတွေက စေခိုင်းနေလို့ Non CDM ဝန်ထမ်းတချို့ကတော့ အကတိုက်နေပေမဲ့လည်း တချို့ကတော့ အဆိုပါသင်္ကြန်ပွဲမှာ မဖျော်ဖြေချင်တဲ့အတွက် ရွာပြန်ပြီး ဘုန်းကြီး၊ သီလရှင်တွေ ပြန်လည်ဝတ်ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ အပေါင်းပါတွေက သင်္ကြန်မဏ္ဏပ်ဆောက်လုပ်ဖို့အတွက် ပဲခူးမြို့ပေါ်နေအိမ်တွေကနေ တအိမ် (၁၀၀၀)ကျပ် မထည့်မနေရဆိုပြီး ရာအိမ်မှူးနဲ့ နောက်လိုက် ၂ ယောက်က လိုက်လံကောက်ခံခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။