AA ထိန်းချုပ်ထားတဲ့ ကပစ ၆ အနီး လေသာတောင်ကုန်းကို စစ်တပ်ကထိုးစစ်ဆင်နေပြီး သေဆုံးစစ်ကော်မရှင်တပ်သားတွေကို ကား ၂ စီးနဲ့ စစ်ဆေးရုံကိုပို့

0 19
0 19

မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာကာကင်းစခန်းအနီးရှိ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေသာတောင်ကုန်းကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။

ဆင်လန်ကျေးရွာနဲ့ ၁ မိုင်ကျော်အကွာ လေသာတောင်ကုန်းကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၁ ရက်ကစတင်ကာ AA ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆင်လန်နားက လေသာတောင်ကို လုနေတယ်ပြောတယ်။ လောလောဆယ် လေသာတောင်က AA လက်ထဲမှာ။ အဲ့ဒါကို ထိုးစစ်ဆင်နေတာ စစ်တပ်ဘက်က။ အဲ့နားတဝိုက်မှာ လေသာတောင်ကအမြင့်ဆုံးပဲ။ လေသာတောင်ကိုရတဲ့ဘက်က သာတာပဲလို့ သိရတယ်”လို့ မြေပြင်စစ်ရေးအခြေအနေကိုသိရှိသူတဦးက ပြောပါတယ်။

ဆင်လန်စခန်းရှိ စစ်ကော်မရှင်တပ်သား ၁၀၀ ခန့်က လေသာတောင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ညနေ ၅ နာရီအထိကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဥသျှစ်ပင်မြို့က နာရေးကား ၂ စီးနဲ့ ရွှေတောင်မြို့၊ အမှတ် ၆ ကုတင် ၁၀၀ စစ်ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အဓိက စစ်တပ်ဘက်က အကျဆုံးများတာ။ စနိုက်ဘာ ထိမှန်တာလို့ထင်တယ်။ ဆေးရုံကိုပို့တဲ့နေ့က ကားပေါ်မှာ Dead Body တွေကိုမြင်လိုက်ရတယ်။ အသေ ၁၀ လောင်းတော့ရှိမယ်။ တပ်သားအလောင်းတွေတော့ မဟုတ်လောက်ဘူး၊ ဗိုလ်အဆင့်တွေချည်းပဲဖြစ်မယ်ထင်တယ်”လို့ မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတဦးကပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်သံမကြားရဘဲ အခြေအနေငြိမ်နေတယ်လို့ သိရပြီး AA ဘက်ကတော့ တိုက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

စက်တင်ဘာ ပထမအပတ်ကစတင်ပြီး ဆင်လန်စခန်းကတဆင့် AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်လည်ထိုးစစ်ဆင်ရာမှာ စစ်ကော်မရှင်တပ်ဘက်က စကခ-၄၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ ကပစ-၆၊ ကပစ-၅၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ စစ်ကြောင်းတွေကို အသုံးပြုနေပေမယ့် အောင်မြင်မှုမရရှိကြဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အာရက္ခတပ်တော် – AA နဲ့ PDF ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ကိုပြန်လည် ခုံခံထားနိုင်သလို အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ-၆ တည်ရှိတဲ့ ညောင်ခြေထောက်နဲ့ ၁၀ မိုင်အကွာအထိကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။

ဆင်လန်ကျေးရွာမှာ ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကျေးရွာ ၂ ရွာကြားမှာတည်ရှိပြီး ညောင်ကျိုးကျေးရွာနဲ့ ၄ မိုင်ခန့် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ(ကပစ -၆) တည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၇ မိုင်ခန့်ကွာဝေးပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။