မုံရွာနဲ့အနီးတဝိုက်မှာ ပေါ်တာဆွဲဖမ်းဆီးမှုများနေပြီး နမခ၊ အဆရ ၁၂ အတွင်း ဖမ်းဆီးခံလူငယ် ၁၅၀ ကျော်အထိရှိ

0 22
0 22

မုံရွာ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး ဖမ်းမိသူတွေကို မုံရွာ နမခအနီး အမှတ် ၁၂ ဆက်သွယ်ရေးတပ်ရင်းကို ပို့ဆောင်ထားကာ စုစုပေါင်း ၁၅၀ ဦးကျော်ထိရှိနေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းခံထားရသူတွေက မုံရွာ၊ ဒီပဲယင်း၊ ရေဦး၊ ရွှေဘိုမြို့နယ်အတွင်းက အသက် ၁၈ နှစ်ကနေ ၄၀ ကြား အမျိုးသားတွေပါဝင်ပြီး စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်အတွင်း ဖမ်းဆီးပို့ဆောင်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်အသိနဲ့ဆက်သွယ်ကြည့်တော့ အထဲမှာဆွဲထားသူများတယ်လို့ သိရတယ်။ မိဘတွေနဲ့လည်း တွေ့ခွင့်ရတယ်။ သူနဲ့အဆက်သွယ်ရတော့ သူတို့လည်းစစ်သင်တန်းတော့သွားရတော့မယ်လို့တော့ ပြောတယ်။ လူမပြည့်သေးလို့စောင့်နေရတာတဲ့”လို့ ဖမ်းဆီးခံထားရသူတဦးနဲ့နီးစပ်သူ မုံရွာမြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ စစ်ကော်မရှင်က ပြည်သူစစ်မှုထမ်းအပတ်စဥ် ၁၇ ကို ထပ်မံဖွင့်လှစ်ခဲ့ပြီး အဲ့ဒီအပတ်စဥ်မှာ အမှတ် ၁၂ ဆက်သွယ်ရေးတပ်မှာဖမ်းဆီးခံထားရသူအချို့ ပါ၊ မပါတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို ဖမ်းမိသူတွေကို အဆရ ၂ မှာဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး နမခနဲ့ နီးစပ်သူတဦးကတော့ “အဆရ ၁၂ က နမခဌာနချုပ်အတွင်းထဲမှာ ရှိတဲ့တပ်ပါ။ ဘေးမှာက လစရ ၆၊ စနခ ၇၄၇၊ စအရ ၉၀၉ တပ်တွေက ကပ်လျက်ရှိလို့ ထွက်ပြေးဖို့ခက်တာကြောင့် အဲ့ဒီတပ်မှာပဲစုထားတာ” လို့ ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေဟာ မုံရွာမြို့နယ်အတွင်းမှာ အရပ်ဝတ် အိမ်စီးကားတွေနဲ့ပတ်သွားနေပြီး ဒေသခံတွေ အလုပ်သွား၊ အလုပ်ပြန်ချိန် ညဘက်လမ်းသွားလမ်းလာသူတွေကိုဖမ်းဆီးတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ခရီးသွားကားတွေနဲ့ လာသူတွေကို ဆွဲချဖမ်းဆီးထားတာလို့ သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်တွေနဲ့ မုံရွာမြို့ကိုလာရောက်တဲ့ ပြည်သူတွေကိုလည်း ကားကြီးကွင်း အရှေ့ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌စောင့်ပြီး ပေါ်တာဆွဲဖမ်းဆီးနေခဲ့တာလို့ ဒေသခံတဦးကမြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးကတည်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်မှုထမ်းဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေထဲက ငွေကျပ် သိန်း ၅၀ ဝန်းကျင်အထိပေးပြီး ပြန်လွတ်လာသူတွေရှိသလို ငွေပေးမရဘဲ စစ်မှုထမ်းပါ လိုက်သွားရသူတွေလည်းအများအပြားရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။