ဖုန်းအားသွင်းထားရာမှ မီးလောင်ပြီး နေအိမ် ၇ လုံးပျက်စီး

0 1
0 1

မန္တလေး၊ မတ် ၂၇၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ ၇၆ လမ်းနဲ့ ၈ လမ်းထောင့်မှာ ဖုန်းအားသွင်းထားရာမှ နေအိမ် ၇ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်ဒီနေ့လယ် ၁၂ နာရီလောက်မှာ အကွက်အမှတ် ၄၀ ရှိ နေအိမ်တလုံးမှာ လူမရှိဘဲ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ကာ ဘေးအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သိရသလောက်က နေအိမ်မှာလူမရှိဘဲ အားသွင်းထားတယ်တဲ့။ သူတို့က မြို့ထဲအနေများတယ်။ အဲ့တော့ အားသွင်းထားရာကနေ အပူလွန်ပြီး မီးလောင်တာလို့ သိရတယ်။ မီးလောင်လို့ ၅ လုံးကတော့ လုံးဝ တိုင်လောက်ပဲ ကျန်တော့တာ။ ၂ အိမ်ကတော့ မီးနည်းနည်းစွဲသွားတာလောက်ပဲ” လို့ ပြောပါတယ်။

မီးလောင်လို့ သွပ်မိုး၊ ပျဥ်ကာ၊ အောက်အုတ်စီ ၂ ထပ်နေအိမ်တွေအပါအဝင် နေအိမ် ၇ လုံးပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၁ ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်ရာကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့လို့ မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက်ည ၁၀ နာရီခန့်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်၊ အကွက် ၁၆၅၊ အိမ်အမှတ် ၁၅၊ ၂၃ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားရှိ RC သုံးထပ် အဆောက်အဦး တတိယထပ်အိပ်ခန်းမှာ ဖုန်းအားသွင်းကြိုးကတဆင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ လမ်း ၉၀ နဲ့ ၉၀၁ လမ်းကြား၊ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ အသားခြောက် အကျက်ကင်ရာမှာ မီးလောင်လို့ နေအိမ် ၉ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။