စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကို PDF က ကြားဖြတ်တိုက်လို့ ဗိုလ်ကြီးအပါ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ

0 24
0 24

ကျောက်ကြီး၊ စက်တင်ဘာ ၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာထိခိုက်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲနေရာအတည်အကျတော့ပြောလို့မရဘူး။ တဖက်မှာ ရန်သူစစ်ကြောင်းထိုးလာလို့ ဆီးကြိုတိုက်ခိုက်တဲ့အခါမှာ သေဆုံးအလောင်းက ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးထက်မနည်းကို အတည်ပြုနိုင်ခဲ့တယ်။ တဖက်မှာလည်း လက်နက်ကြီးလေယာဥ်နဲ့ပစ်ခတ်ခဲ့တာမျိုးရှိတယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ လက်နက်ငယ် ၇ လက်၊ RPG ၁ လက် နဲ့ခဲယမ်း၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကော်မရှင်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ တိုက်ပွဲဖြစ်တဲ့ နေရာအနီးက ဒေသခံတဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်အထိ စစ်ကော်မရှင်စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ခဲ့တဲ့ ဧရိယာအတွင်းကနေ ပြန်မဆုတ်သေးဘဲ တိုက်ပွဲနဲ့နီးစပ်တဲ့နေရာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ကြတာမျိုး မရှိဘူးလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ နဂါးနီ တပ်ရင်း (P-29903)၊ အမှတ် ၃၅၀၂ တပ်ရင်း နှင့် KNLA တပ်ရင်း ၈ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၂ စစ်ဒေသရဲ့ စက်တင်ဘာ ၃ ရက်မှာဖော်ပြတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ် ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။