ဒိုက်ဦးက အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

0 42
0 42

ဒိုက်ဦး၊ စက်တင်ဘာ ၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အမှတ် ၉ ရပ်ကွက်ထိပ် လက်ဖက်ရည်ဆိုင်အနီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ 9 Stars UG အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲမှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၆၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းကို 9 Stars UG တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ရပ်ကွက်လမ်းထိပ်မှာဘဲ။ သူကဖဲဝိုင်းကပြန်လာတာမှာ ပစ်တာ။ ၃ ချက်က ဗိုက်ထဲဝင်သွားတယ်။ ၂ ချက်က လွတ်သွားတယ်။ နည်းနည်းလှမ်းလှမ်းကပစ်တာရတာလည်းပါတယ်” လို့ 9 Stars UG အဖွဲ့ခေါင်းဆောင်မြွေပွေးကပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်တွေနဲ့ ပတ်သက်ဆက်နွယ်နေပြီး စစ်မှုထမ်းသူဦးရေ ရအောင်လုပ်ဆောင်တာ၊ စစ်ကော်မရှင်တပ်ဖွဲ့တွေ ခိုင်းသမျှ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ကျည်ထိပြီး ခင်ဝင်းဟာနေရာမှာပင်သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့ပြီး အလောင်းကတော့ ဒိုက်ဦးဆေးရုံမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ညပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အမှတ် ၉ ရပ်ကွက်ထဲ စစ်ဆေးမှုပြုလုပ်ခဲ့တာရှိပြီး ပြည်သူတွေဖမ်းဆီးခံရတာ ရှိ၊ မရှိကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၈ ရက်က ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်ထိပ်က “ဟိန်းကျော်” လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ဖအောင်ဝဲရပ်ကွက်မှ အသက် ၆၀ အရွယ် ရာအိမ်မှူး ဦးခင်မောင်အေးနဲ့ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းတို့သေနတ်နဲ့ပစ်ခံရပြီး ဦးခင်မောင်အေးကတော့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။