myaelatt athan

Sharing Information to the Local

စစ်အုပ်စုက ဖမ်းဆီးသွားတဲ့အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံနဲ့ သေဆုံးလျက် ပြန်တွေ့

တန့်ဆည်၊ မတ် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေါင်းကျကျေးရွာက အမျိုးသမီးငယ်တဦး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ဖမ်းဆီးခြင်းခံရပြီးတဲ့နောက် အဓမ္မပြုကျင့်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို ပြန်တွေ့ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက်၂၆ နှစ်အရွယ် မခိုင်လင်းကြည် ဖြစ်ပြီး မတ်လ ၄ ရက်နေ့မနက်ပိုင်းက သူ့ကိုစစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဖမ်းဆီးခံရပြီး ၈ ရက်အကြာ မတ်လ ၁၁ ရက်နေ့က မြို့ရဲ့အရှေ့ဘက်မှာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပေါင်းကျရွာခံ တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူမရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တွေ့တယ်။ မုဒိမ်းကျင့်ပြီး သတ်သွားတဲ့အနေအထားမျိုးပဲ။ အလောင်းကိုစတွေ့တော့ အဝတ်တွေလည်း မပါဘူး။ အလောင်းကို ခြုံပုတ်ထဲမှာ ထားခဲ့တာ။ စစ်ကြောင်းသွားတဲ့ တလျှောက်လုံးခေါ်သွားပြီးတော့ သတ်ပြီးထားခဲ့တာ” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ မခိုင်လင်းကြည်ဟာ အဓမ္မပြုကျင့်ခံခဲ့ရခြင်းရှိ၊ မရှိကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

မခိုင်လင်းကြည်ဟာ တန့်ဆည်မြို့ပေါ်က ကုန်စုံဆိုင်တဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ကိုင်နေသူဖြစ်ပြီး စစ်အုပ်စုက ဘာကြောင့်ဖမ်းဆီးပြီး သတ်သွားတာလဲ ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“မြို့ပေါ်ဆိုင်တဆိုင်မှာ အရောင်းဝန်ထမ်း လုပ်နေချိန် တရွာတည်းနေသူ ပျူတပ်ဖွဲ့ဝင် မိုးသူဇာရဲ့ သတင်းပေးပို့ချက်အရ ဖမ်းခံလိုက်ရတာ။ အခုဆိုရင် မြို့ပေါ်က ပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေကြရတယ်။ မကြာမကြာ သူတို့က မထင်ရင်လာဖမ်းကြတာ” လို့ သူက ဆက်ပြောပါတယ်။

မခိုင်လင်းကြည်ကို ဖမ်းဆီးသတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦးမြို့နယ်က ရောက်ရှိလာတဲ့ ခမရ ၃၆၁ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ ရေဦးမြို့နယ်အတွင်းက ရွာအများအပြားကို မီးရှို့ထားတဲ့စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။