ပေါက်၊ မတ် ၈၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မြောက်ပိုင်း၊ ကမ်းပါးဖြူကျေးရွာမှာရှိတဲ့ ပေါက် မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းချတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ အဲ့ဒီအဖွဲ့ထံက သိရပါတယ်။
မတ်လ ၆ ရက်နေ့၊ မနက် ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ကျော်နဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးတာကို ခံရတာလို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်လရောင် ကပြောပါတယ်။



“ဘယ်တပ်ကလည်းတော့ မသိပါဘူး။ စကစဝင်လာတာ ကြိုသိလို့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှောင်နေတာ။ သူတို့ဝင်စီးပြီး အိမ်တွေကို မီးရှို့၊ ဆိုင်ကယ်၊ ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူသွားတယ်။ အိမ် ၁၂ လုံး မီးလောင်ခဲ့တယ်။ သူတို့မီးရှို့နေတဲ့အချိန် ကျနော်တို့ မိုင်းနှစ်ကြိမ် ဆွဲလိုက်နိုင်တယ်။ အထိခိုက်အကျအဆုံးကိုတော့ ဝင်ကြည့်လို့ မရတော့မသိလိုက်ပါဘူး။ ကျနော်တို့အဖွဲ့သားတွေ ထိခိုက်တာမျိုး မရှိပါဘူး။ ဆုံးရှုံးတာဆိုရင် ခန့်မှန်းခြေ သိန်းငါးဆယ်ဖိုးလောက် ရှိမယ်” လို့ ဗိုလ်လရောင်က မြေလတ်အသံကို ပြောပါတယ်။
မနက်ပိုင်းက မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေက ညနေပိုင်းမှ ပေါက်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွါသွားတယ်လို့ ဆိုပါတယ်။



ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်လုပ်မိုင်း၊ ၆၀ မမ တွေကို တပိုင်တနိုင် ထုတ်လုပ်နေပြီး အဖွဲ့ဖွဲ့စည်းပြီး ၁ နှစ်ကျော်ကာလအတွင်း ထိတွေ့တိုက်ပွဲ ၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားနဲ့ ပျူ စုစုပေါင်း ၂၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြန်လည်ဝယ်ယူဖို့ ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စာတည်း – 007