ခင်ဦးမှာ ပျူတွေ ဆက်တိုက်စစ်ကြောင်းထိုးနေပြီး အသက် ၉၀ အရွယ် အဖွားတဦးလည်း စစ်ရှောင်ရင်းသေဆုံး

0 5
0 5

ခင်ဦး၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကလုံကျေးရွာကို ပျူစောထီးအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကလုံရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ပျူတွေက မတ်လ ၆ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်မှာ စတင်ဝင်ရောက်လာပြီး ရွာမှာတပ်စွဲနေကာ ဒီမနက် ၇ နာရီလောက်မှ အိမ်တွေကို မီးရှို့ခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“ကလုံရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ။ ရွာသားတွေကလည်း ရွာထဲမဝင်ရသေးတော့ အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ခုလို စစ်ကြောင်းထိုးနေလို့ ကလုံးရွာက ဒေသခံတွေအပြင် ငါးရုံကြီး၊ ရှားတော၊ မုံလှနဲ့ သရက်ကုန်းကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး၊ သရက်ကုန်းရွာက အသက် ၉၀ ကျော်အရွယ် အဖွားအိုတဦးလည်း စစ်ရှောင်နေရင်း ဒီမနက်မှာပဲ အအေးဒဏ်ကြောင့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ရှောင်ရင်း သေဆုံးသွားတဲ့ အဖွားဒေါ်ခင်တုတ်ကတော့ ဒီမနက် ၇ နာရီကျော်လောက်မှာ ဆုံးသွားတာပါ။ နာရေးကိစ္စတွေကိုတော့ ဘာမှမလုပ်ရသေးဘူး” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

အဲ့ဒီပျူစောထီးတွေဟာ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာကဖြစ်ပြီး၊ ဒီမနက် ကလုံရွာကို မီးရှို့ပြီးနောက် ရွာနဲ့ ၃ မိုင်သာသာဝေးတဲ့ ရှားတောကျေးရွာဘက်ကို လက်နက်တွေပစ်ခတ်ပြီး ဝင်ရောက်သွားခဲ့တယ်လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

“ရှားတောရွာဘက်ကိုတော့ ပြန်ဝင်သွားတယ်။ အဲဘက်ကနေ မီးခိုးငွေ့တွေတော့ တွေ့နေရတယ်။ ဘယ်ရွာကို ထပ်ပြီးမီးရှို့နေလဲတော့ မသိသေးဘူး။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်” လို့ ဆိုပါတယ်။

အဲ့ဒီပျူအဖွဲ့တွေဟာ မနေ့ကမနက် ၁၁ နာရီလောက်မှာလည်း ကျီစုရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် မုံလှရွာက အသက် ၈ နှစ်အရွယ်မိန်းကလေးငယ်တဦး ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။

မတ်လအတွင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အသက် ၃၀ အရွယ်အမျိုးသား ၂ ဦးနဲ့ အသက် ၈ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့တဲ့အပြင် အသက် ၁၂ နှစ်ရွယ် ကလေးငယ်တဦးလည်း စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်အဖူးကို ကိုင်တွယ်မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။