ပျူတွေ စစ်ကြောင်းထိုး ပစ်ခတ်လို့ အသက် ၈ နှစ်အရွယ် ကလေးတဦး ကျည်ထိမှန်သေဆုံး

0 4
0 4

ခင်ဦး၊ မတ် ၆၊ ၂၀၂၃။

ပျူစောထီးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အသက် ၈ နှစ်အရွယ် ကလေးတဦးဟာ ထွက်ပြေးတိမ်းရှောင်ရင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၆ ရက် ဒီမနက် ၁၁ နာရီလောက်မှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ကျီစုရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မုံလှကျေးရွာက အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ကျည်ထိမှန် သေဆုံးခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ထွက်ပြေးနေတဲ့ ဒေသခံတွေကိုလက်နက်ကြီးတွေနဲ့ ပစ်တယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ အဲဒီမှာ ကလေးတဦးက ဆုံးသွားတယ်။ အသက် ၆၀ အရွယ် အဖိုးတဦးလည်း လက်နက်ကြီး ထိသွားတယ်” လို့ ဆိုပါတယ်။

အဲ့ဒီပျူစောထီးအဖွဲ့ဟာ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာက ဖြစ်ပြီး၊ ခုလိုစစ်ကြောင်းထိုးလာတဲ့အတွက် ခင်ဦးနယ်ထဲက ငါးရုံကြီး၊ ရှားတောရွာနဲ့ မုံလှရွာစတဲ့ ကျေးရွာကဒေသခံတွေ ရွာကနေ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

အလားတူ မတ်လ ၅ ရက်မှာလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာက ၁၂ နှစ်အရွယ် ကလေးငယ်တဦးဟာ နွားကျောင်းနေစဥ် မပေါက်ကွဲဘဲ ကျန်နေတဲ့ ၄၀ မမ လက်နက်ကြီးကျည်အဖူးကို ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိမှန်သေဆုံးခဲ့သေးတယ်လို့လည်း အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“ကလေးက ကျောင်းသားပါ။ ကျောင်းပိတ်လို့ နွားကျောင်းသွားရင်း လက်နက်ကြီးကိုတွေ့တော့ ကောက်ယူပြီး ရေကန်ဘောင်ပေါ်မှာ တင်ထားတယ်။ အဲဒါ မတော်တဆ ပြုတ်ကျပြီးတော့ လက်နက်ကြီးက ပေါက်သွားတယ်။ အသံကြားလို့ တောထဲက လူတွေ၊ ရွာထဲက လူကြီးတွေ လာပေမဲ့လည်း ကလေးက အသက်မမှီတော့ဘူး။ အဲဒီလက်နက်ကြီးက ဖေဖော်ဝါရီလကတည်းက စခတွေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ဟာတွေပါ” လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ယခုနှစ် ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက်မပြည့်သေတဲ့ ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။