မြင်းခြံ၊ ဩဂုတ် ၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီး လက်နက်ကြီးနဲ့ ပစ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဩဂုတ် ၈ ရက်မနက် ၉ နာရီကျော်ကတည်းက အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဗလုံရွာကို လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာပြီးနောက် ညအိပ်ခဲ့ပြီး ဩဂုတ် ၉ ရက် ဒီမနက် ၇ နာရီကျော်မှာ နေအိမ်တွေကို စတင်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကြောင်းရွာထဲရောက်တော့ အရင်နေခဲ့တဲ့နေရာမှာ ပြန်နေပြီးတော့ ညနေမှာ ဟောင်ဝစ်ဇာပစ်သေးတယ်။ စစ်ရှောင်နေတဲ့စခန်းကိုကျပြီးတော့ ပြည်သူတွေထိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒီမနက်မှာ မီးရှို့တယ်။ မီးက အခုချိန်ထိတော့ မငြိမ်းသေးဘူး”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကပြောပါတယ်။
ရွာကိုမီးရှို့ချိန် နေအိမ် ၁၀၀ ကျော်မီးလောင်ပြီး မီးမငြိမ်းသေးတာကြောင့် ပျက်စီးမှုအခြေအနေနဲ့ မီးလောင်မှုအတွင်း သက်ကြီးအမျိုးသမီး ၃ ဦးသေဆုံးတယ်လိုကြားပေမယ့် နယ်မြေ မရှင်းလင်းရသေး တာကြောင့် အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ချိန် စစ်ရှောင်စခန်းအနီးကို ကျရောက်ပေါက်ကွဲလို့ စံပြကျေးရွာ ဘက်က အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦး ခြေထောက်ထိမှန်၊ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ရင်ဘတ်အစမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးနေတဲ့အဖွဲ့တွေထဲက ဗလုံကျေးရွာကို မနက် ၇ ခွဲလောက်စရှို့တာ။ အိမ်ခြေ ၃၀၀ ကျော် မီးလက်ရှိလောင်သွားပြီ။ ညနေ ၃ နာရီလောက်ထိ မီးမငြိမ်းသေးဘူး။ အိမ်ခြေကတော့ ၃၀၀ ကျော်ကုန်သွားပြီး။ လောလောဆယ်တော့ အဲ့ကျေးရွာကို ပြည်သူတွေကဝင်မရသေးတော့ ဘာမှမသိရသေးဘူး။ ထိခိုက်သေဆုံး မသိရသေးဘူး။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီညနေပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းထဲက အင်အား ၇၀ ကျော်လောက်ဟာ သမုန်းကိုင်းကျေးရွာထဲကို ပြန်ဆုတ်သွားပြီး ဗလုံရွာထဲမှာတော့ အင်အား ၃၀ ကျော် ကျန်ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီးတွေပစ်ခတ်တာကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့သိရကာ အသေးစိတ်အခြေအနေတွေကို အတည်ပြုနိုင်ဖို့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
မြင်းခြံမြို့နယ်အတွင်းမှာ သြဂုတ် ၅ ရက်ကတည်းက တိုက်ပွဲစဖြစ်နေပြီး သြဂုတ် ၉ ရက် ဒီကနေ့အထိ မြင်းခြံမြို့နယ် ပတ်ချာလည် ၅ မိုင်ခန့်ကို နယ်မြေစိုးမိုးချင်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးသီတာယုမွန်အဖွဲ့တွေ အင်အား ၂,၀၀၀ ခန့်နဲ့ ပူးပေါင်းကာ ဖြန့်ကျက်စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့ကာလအတွင်း နတ်ထား၊ စံပြ၊ ဗလုံ၊ သမုန်းကိုင်းရွာတွေရှိ ဒေသကာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီဘက်ကပြန်လည်သိမ်းပိုက်ထားကာ စစ်ကြောင်းထိုးနေတာနဲ့ တိုက်ပွဲတွေကြောင့် နတ်ထား၊ တမုန်းကိုင်း၊ စံပြကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း