12 July 2026 4:04 PM

ယာယီသမ္မတ ဦးမြင့်ဆွေ အထူးစိုးရိမ်ရလို့ ဆေးရုံမှာစောင့်ကြည့်နေရ

0 38
0 38

မြေလတ်အသံ၊ ဩဂုတ် ၅၊ ၂၀၂၅။

ကျန်းမာရေးအခြေအနေဆိုးဝါးနေတာကြောင့် နေအိမ်မှာ ဆေးကုသမှုခံယူနေရတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ အထူးစိုးရိမ်နေရလို့ နေပြည်တော် အမှတ် ၂ စစ် ဆေးရုံ ကုတင် ၁၀၀၀ မှာစောင့်ကြည့်ကုသနေရတယ်လို့ စစ်ခေါင်းဆောင်တွေရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)ရုံးကနေ ဒီကနေ့ ဩဂုတ် ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဦးမြင့်ဆွေဟာ ဇူလိုင်လအတွင်းမှာ ကိုယ်အလေးချိန်လျော့ကျတာ၊ အစာကောင်းစွာမစားနိုင်တာ၊ အဖျားတက်တာ၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာတာတွေကြောင့် ဇူလိုင် ၂၄ ရက်ကစတင်ကာ နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသနေရတာဖြစ်ပြီး လက်ရှိအခြေအနေက အထူးစိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းက စတင်ကာ အာရုံကြောများနှေးကွေးတုံ့ဆိုင်းသည့်ရောဂါကို စတင်ခံစားခဲ့ရပြီး ၂၀၂၄ ဇူလိုင်လအတွင်း ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့် နေအိမ်မှာ ဆေးခွင့်နဲ့ ကုသမှုခံယူနေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ကာ အဲ့ဒီနောက် ယာယီသမ္မတရာထူးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လွှဲပြောင်းရယူခဲ့ပါတယ်။

အဲ့ဒီနောက် ၁ နှစ်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က စတင်ပြီး နေအိမ်ကနေ ဆေးရုံကိုပို့ဆောင်ကာ စောင့်ကြည့်ကုသနေရကြောင်း ကာလုံက ထပ်မံထုတ်ပြန်လာတာပါ။

ဦးမြင့်ဆွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေလေ့ရှိပြီး စစ်ခေါင်းဆောင်တွေ ၆ လတကြိမ် အရေးပေါ် ကာလသက်တမ်းတိုးချိန်ခေါ်ယူတဲ့ ကာလုံအစည်းတွေမှာသာ ထွက်ပေါ်အစည်းအဝေးတက်ရောက်တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။