ပဲခူးရှေ့ခြမ်းရေကြီးမှု KNU နယ်မြေက မိုးစပါးဧက ၅၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့

◼ လူ ၁၅၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေလိုအပ်နေဆဲဖြစ်

မြေလတ်အသံ၊ ဩဂုတ် ၅၊ ၂၀၂၅။

ပဲခူးတိုင်းရှေ့ခြမ်း၊ ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေက မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံမှုတွေကြောင့် မိုးစပါးဧက ၅၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၃ ရက်ကစတင်ကာ မိုးသည်းထန်စွာရွာလို့ စစ်တောင်းနဲ့ရွှေကျင်မြစ်ရေမြင့်တက်လာတာကြောင့် ကျောက်ကြီး၊ မုန်းနဲ့ ရွှေကျင်မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာ လယ်မြေတွေမှာ စတင်ရေနစ်မြုပ်ခဲ့တာလို့ KNU ညောင်လေးပင်ခရိုင်ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေ က မြေ လတ်အသံကို ပြောပါတယ်။

“ပထမစကြီးတုန်းကတော့ စပါးပင်တွေကပေါ်သေးတယ်။ အချို့ဟာတွေက မပေါ်ဘူးပေါ့နော်။ ဒါပေမယ့် ၂၅ ရက်လောက်ကစပြီး စပါးပင်ကလုံးလုံးကိုမပေါ်တော့ဘူး။ အဲ့နောက်ပိုင်း အားလုံးမြုပ်သွားတာ အခုချိန်ထိပဲ။ အခုဆိုရင်တပတ်ကျော်နေပြီ” လို့ သူက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် မုန်းမြို့နယ်မှာ ဧက ၁၆,၇၀၀ ကျော်၊ ကျောက်ကြီးမြို့နယ်မှာ ဧက ၃၁,၀၀၀ ကျော်၊ ရွှေကျင်မြို့နယ်မှာ ဧက ၄,၀၀၀ နီးပါး စုစု ပေါင်း မိုးစပါးဧက ၅၀,၀၀၀ ကျော် ရေနစ်မြုပ်နေတာဖြစ်ပြီး ဩဂုတ် ၁ ရက်ကစတင်ကာ ရေပြန်ကျနေပေမယ့် စိုက်ခင်းတွေအတွင်း ရေအနည်းငယ်ကျန်ရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုဧကကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ဆိုပါတယ်။

ရေနစ်မြုပ်နေတဲ့ မိုးစပါးတွေဟာ မေလကုန်က စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာ မိုးဆက်ရွာလို့ မြစ်ရေထပ်တက်လာပါက ပျက်စီးဆုံးရှုံးမှုများလာနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် မုန်း(မူး) မြို့နယ်ကျေးရွာပေါင်း ၁၀၆ ရွာရဲ့ အိမ်ထောင်စု ၁၁,၃၇၇ က လူဦးရေ ၆၁,၇၈၇ ဦး၊ ကျောက်ကြီးမြို့နယ် ကျေးရွာ ၁၀၈ ရွာရဲ့ အိမ်ခြေ ၁၃,၄၇၉ ကလူဦးရေ ၆၈,၇၃၅ ဦးနဲ့ ရွှေကျင်မြို့နယ် ကျေးရွာ ၂၉ ရွာရဲ့ အိမ်​ခြေ ၄,၅၂၆ က လူဦးရေ ၂၂,၅၀၀ ဦး စုစုပေါင်းလူဦးရေ ၁၅၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေလိုအပ်နေတယ်လို့ KNU ဗဟိုနဲ့ ညောင်လေးပင်ခရိုင်တွေက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်ပြည်သူတွေက ရေဘေးလွတ်ရာကျေးရွာတွေရဲ့ကုန်းမြင့်ပိုင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရပြီး အစားအသောက်၊ ရေသန်ံ့၊ ဆေးဝါးတွေလိုအပ်နေကာ ရေပြန်ကျနေပေမယ့် ရေဘေးရှောင်ပြည်သူအများစုကတော့ ဩဂုတ် ၅ ရက်ဒီကနေ့အထိ နေအိမ်တွေကို မပြန်ကြရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးရာသီရေကြီးမှုမှာလည်း ညောင်လေးပင်ခရိုင်အတွင်းမှာ လယ်ဧကပေါင်း ၆၀,၀၀၀ ကျော်အနက် ၄၆,၀၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ညောင်လေး ပင်ခရိုင်လယ်ယာနဲ့ စိုက်ပျိုးရေးဌာန စာရင်းအရ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။