11 July 2026 12:11 PM

နတ်တလင်းမှာ ဒေသခံ ၁၄ ဦး ဖမ်းဆီးခံရပြီး ၁ ပတ်ကျော်အကြာ အဆက်အသွယ်ပြတ်နေ

0 9
0 9

သာယာ၀တီ၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာဟောင်းက ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ နတ်စစ်သည်အဖွဲ့ခေါင်းဆောင် ကိုအောင်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပဲခူးရိုးမအစပ်၊ တောင်ညိုဆည်အထက်ပိုင်းမှာရှိတဲ့ အဲ့ဒီရွာဟောင်းက ကိုတင်အောင်၊ ကိုဝင်းနိုင်စိုး၊ ကိုလှမိုး၊ ကိုဇော်ထိုက်နဲ့ ကိုကျော်မျိုးအောင် စတဲ့သူတွေအပြင် အမျိုးသမီးတချို့နဲ့ ကလေးငယ်တွေအပါ ၁၄ ဦး ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်ဝန်းကျင်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ကာ သူတို့ကို တောင်ညိုဆည်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“တောင်ယာလုပ်ပြီး ယာခုတ်စားနေတဲ့ အစုလေးကို ဖမ်းသွားတာပါ။ ကျနော်တို့သွားကြည့်တော့မှ အဲ့နေရာမှာ လူမရှိတော့ဘူး။ ဘာအဆက်အသွယ်မှ မရဘူး။ လူတွေမရှိတော့ဘူးဆိုတာ သိရလို့ စုံစမ်းမှ ပဲခူးရိုးမထဲက စစ်ကြောင်းနဲ့ တောင်ညိုဆည်မှာ တပ်စွဲနေတဲ့ စစ်ကြောင်းက ဖမ်းသွားတာပါ” လို့ နတ်တလင်း PDF နတ်စစ်သည်အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်က မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဖမ်းဆီးခံရပြီး တပတ်ကျော်အကြာ ဒီကနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပဲခူးရိုးမအစပ်မှာ တောင်ယာ လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ပြီး သူတို့နေထိုင်တဲ့ ဝါးတဲတွေအတွင်း ဆန်အပါအဝင် စားသောက်ကုန်တွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးခဲ့ကြသလို လူနေတဲတွေအနီးမှာလည်း စစ်ကောင်စီတပ်ဘက်က နင်းမိုင်းတွေ ထောင်ထားတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပေါက်ခေါင်းဘက်က လာတာဖြစ်ပြီး နတ်တလင်း တောင်ညိုဆည်က စစ်သားတွေနဲ့ ပေါင်းကာ လက်ရှိမှာ တောင်ညိုဆည်ဘောင်မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

တောင်ညိုဆည်အထက်က ဒေသခံတွေဟာ ဆည်အတွင်း သွားလာစဥ် စစ်ကောင်စီတပ်ဂိတ်မှာ မှတ်ပုံတင်နဲ့ ဝယ်ယူလာတဲ့ စားသောက်ကုန်တွေကို စစ်ဆေးတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့လည်း ဒေသခံတဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကတော့ စစ်ကောင်စီတပ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း နတ်တလင်းကို လာရောက်ပြီး PDFတွေကို ထောက်ပံ့ရင်မြို့နာမယ်ဟုဆိုကာ နတ်တလင်းက လုပ်ငန်းရှင်တွေကို ကြိမ်းမောင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။