အောင်လံကကျေးရွာတွေမှာ လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုများနေ

အောင်လံ၊ ဇူလိုင် ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်ကကျေးရွာတွေမှာ လူငယ်အမျိုးသားတွေ ရက်ခြားဆိုသလို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၄ ရက် ညပိုင်းမှာ ရွာမထုံးရွာအခြေစိုက် အမှတ် ၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၅) စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ်ဖွဲ့တွေက ရွာမထုံးရွာခံအမျိုးသား ၂ ဦးကို နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ပျူစောထီး ချစ်သဲက အဲ့ဒီရွာသား ၂ ယောက်ကို လိုက်ပြတာ။ သူက ဦးဆောင်ပြီး ဖမ်းဆီးခိုင်းတာပါ။ စစ်မှုထမ်းဖို့လို့ပြောပြီးခေါ်သွားတာဘဲ။ ရွာရဲ့ အနောက်ဘက် ကပစ ၁၅ ဘက်ကို ခေါ်သွားတာ။ အခုထိ ဘာသတင်းမှ မကြားရသေးဘူး” လို့ အောင်လံဒေသခံအမျိုးသမီးတဦးက ​မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ရွာမထုံးရွာနေ အမျိုးသား ၂ ဦး ဖြစ်ပြီး ၄င်းတို့ ၂ ဦး ကို ကပစ ၁၅ တပ်တွင်းကို ဖမ်းခေါ်သွားတာဖြစ်ကာ ဇူလိုင်လ ၂၆ ရက် ဒီကနေ့အထိ အဆက် အသွယ်မရသလို ပြန်လည်လွတ်မြောက်လာတာမရှိဘူးလို့ သိရပါတယ်။

အလားတူ ဇူလိုင် ၂၁ ရက်ညပိုင်းကလည်း အောင်လံမြို့နယ်၊ အောင်မြေကုန်းရွာကို ကပစ ၁၅ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ဝင်ရောက်စီးနင်းပြီး အသက် ၂၂ နှစ်ကနေ ၄၀ ကြား အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းကလည်း အောင်လံမြို့၊ ငပြင်းကျေးရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်ပြီး ရွာခံ အရပ်သား ၁၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ အောင်လံမြို့နယ်အတွင်းစစ်ရေးနဲ့ ဒေသတွင်းသတင်းကိုဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“နောက်ထပ်လည်းသူတို့လူလိုရင်ဖမ်းအုံးမှာပဲ။ အခုအနိုင်ကျင့်ဖမ်းဆီးခံရတဲ့ လူတန်းစားတွေက အခြေခံလူတန်းစားတွေပါ။ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း ငြိမ်ခံမနေဘဲ ဒီစစ်မှုထမ်းဖမ်းဆီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်စေချင်တယ်”လို့ အထက်ပါ အမျိုးသမီးတဦးကပြောပါတယ်။

ရွာမထုံးကျေးရွာအနောက်ဘက် ကပစ ၁၅ တပ်ဝင်ပေါက်လမ်းခွဲမှာ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ဟာ ဂိတ်စခန်းချပြီး ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေဆီကနေ ငွေကြေးတောင်းခံတာနဲ့ ကုန်ပစ္စည်းတွေကို လုံခြုံရေးအကြောင်းပြသိမ်းယူလေ့ရှိတယ်လို့ သိရပါတယ်။

ကပစ ၁၅ တပ်ဟာ အောင်လံမြို့နယ် ရွာမထုံး၊ ရွှေပန်းတော၊ ဆင်ကြံ၊ သမ္ဘူလ၊ ကျားသေ စတဲ့ ရွာတွေအနီးမှာတည်ရှိပြီး ဒေသခံအမျိုးသားတွေကို ဖမ်းဆီးတာအပြင် ပဲခူးရိုးမတောင်ခြေအစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။