27 July 2026 12:08 PM

အုတ်ဖို၊ ကြို့ကိုးပင်ရွာအနီးတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ရွာကိုမီးရှို့ပြီး အမျိုးသား ၆ ဦးကို ဖမ်းထား

0 74
0 74

မြေလတ်အသံ၊ ဇူလိုင် ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက် မနေ့ညနေ ၆ နာရီကျော်မှာ ဝင်ရောက်မီးရှို့ပြီး ရွာခံအမျိုးသား ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဝိုင်းကျေးရွာစခန်းကနေ စစ်ကြောင်းထိုးထွက်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြို့ကိုးပင်ရွာကို ဝင်ရောက်မီးရှို့ပြီး ဇူလိုင် ၂၃ ရက် ဒီကနေ့အထိ တပ်စွဲထားတယ်လို့ဆိုပါတယ်။

“စကစတွေပြန်ဆုတ်တာတော့ မရှိသေးဘူး။ စာသင်ကျောင်းမှာ ပထမနေတယ်။ နောက်တော့ ရွာထဲက ဖိုးသဲတို့ အိမ်တိုက်မှာ နေတယ်။ မနေ့ညကဆိုရင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကြားရတယ်။ တချို့က နှစ်ဖက်ပစ်တယ်ပြောတယ်”လို့ အုတ်ဖိုဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ကျေးရွာအတွင်းထွက်မပြေးဘဲကျန်ခဲ့သူတချို့နဲ့ ထွက်ပြေးပြီးနောက် ရွာအတွင်းပြန်ဝင်လာသူတချို့ပါဝင်ပြီး ဇူလိုင် ၂၃ ရက်အထိ ဖမ်းဆီးထားတဲ့အပြင် ကျေးရွာအတွက် တပ်စွဲထားဆဲဖြစ်တာကြောင့် ၎င်းတို့ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ မီးရှို့ခံနေရတဲ့ အိမ်ခြေ ၃၀၀ ခန့်ရှိ ကြို့ကိုးပင်ကျေးရွာနေအိမ်တွေရဲ့ အခြေအနေတွေကို မသိရသေးပါဘူး။

ဇူလိုင် ၂၀ ရက်မနက်ပိုင်းမှာ ကြို့ကိုးပင်ကျေးရွာထိပ်ကို ရောက်ရှိလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၆ Black Dragon GBK – PDF ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက် ယမန်နေ့ ညနေပိုင်းမှာ ကျေးရွာတွင်း ဝင်ရောက်စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၈ ရက်ကလည်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကအုတ်ဖိုမြို့နယ်က ကိုင်းကြီး၊ ကိုင်းကလေး၊ ဒေါင်းကြီး၊ ဒေါင်းလေး၊ ဒေါင်းစပါးကွင်းစတဲ့ကျေးရွာတွေ စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။