myaelatt athan

Sharing Information to the Local

အုတ်ဖိုက လုံ/ကြမ်းခေါင်းဆောင်အုပ်ချုပ်ရေးမှူး နဲ့ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးသေဆုံး

မြေလတ်အသံ၊ ဇူလိုင် ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ ကွေ့ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ ဇနီးဖြစ်သူ ၂ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်ဒီနေ့မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူ ၂ ဦးဟာ စစ်ကောင်စီတပ်ကဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ကိုရဲအောင်နဲ့ ဇနီး မခင်မာရီတို့ဖြစ်ပြီး ဒီမနက် ၆ နာရီမှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ရဲအောင်က အုပ်ကြီးဖြစ်တာတော့ကြာပြီဗျ။ သူ့မိန်းမက သူ့ထက်ပိုဆိုးနေတာ ငွေရမှန်းသိတော့။ စကစအလိုကျလုပ်ပေးနေတာ။ အာဏာစသိမ်းထဲက လုပ်နေတာ။ သူတို့သေတော့ အဲ့ရပ်ကွက်က ပြည်သူတွေပျော်နေကြတာ။ သူတို့ပစ်ခံရပြီးတော့ စကစနဲ့ရဲတွေ ရောက်လာတယ်ဗျ။ နာရေးကူညီမှုကားနဲ့ တင်သွားတယ်လို့သိရတယ်ဗျ”လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှတာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုရဲအောင်နဲ့ မခင်မာရီတို့ဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ဖျူး ၁ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ မှတ်ပုံတင်ကတ် ၂ ခု၊ ပြည်သူ့လုံခြုံရေး နှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (လုံကြမ်း) ကတ် ၁ ခု၊ ငွေသား ၈၅,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင်သူတို့ ၂ ဦးဟာ စစ်ကောင်စီတပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့၊ ပါတီထဲဝင်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမှာဖြစ်ကြောင်း လူငယ်တွေကိုစည်းရုံးတာ၊ ပြည်သူ တွေဆီက စစ်မှုထမ်းကြေးငွေကောက်ခံတာတို့ကို လုပ်ဆောင်နေသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရဲအောင်မှာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်တာဝန်ယူပြီး တော်လှန်ရေးအဖွဲ့တွေကို စုံစမ်းထောက်လှမ်းပြီး သတင်းပေးတာတွေကို လုပ်ဆောင်နေသူ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ကေ)ရွာ နဲ့ သရက်နှစ်ဖျားလိန်ရွာကြားရှိ လမ်းမပေါ်မှာ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။