ခင်ဦးမှာ စစ်အုပ်စုကတိုက်ပွဲမဖြစ်ဘဲပစ်ခတ်လို့ အဘွားတဦးနဲ့အမျိုးသားတဦး ဒဏ်ရာရ

0 8
0 8

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီတွေက ဖေဖော်ဝါရီလ ၂၁ ရက်ည ၈ နာရီမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဘွားအိုတဦးနဲ့ အမျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရှိခဲ့သူမှာ အင်းပတ်ကွေ့ကျေးရွာမှ အသက် ၆၀ ကျော်အရွယ်အဘွားနဲ့ အသက်၃၀ ကျော်အရွယ် အမျိုးသားတဦးတို့ဖြစ်ပြီး၊ သူတို့ ၂ ဦးမှာ အချိန်မီဆေးကုသမှုခံယူခဲ့ရတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဘွားကတော့ လက်နက်ကြီးစထိတာ။ အစတွေက အဘွားခန္ဓာကိုယ်ရဲ့ ညာဖက်နံရိုးကို ထိသွားတာ။ အမျိုးသားတယောက်ကတော့ လက်နက်ငယ်ကျည်ထိတာ ဘယ်ဖက်ပေါင်မှာထိတာ။ အခုအချိန်ထိတော့ ဆေးကုသမှုခံယူနေရဆဲပါ။ ဒါပေမယ့် မစိုးရိမ်ရတော့ဘူး။ သူတို့ရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရမပြောရဘူး” ဆိုပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်တွေ နေ့တိုင်းလိုလိုပစ်ခတ်နေတဲ့ စစ်အုပ်စုစခန်းကတော့ အင်းပတ်ကွေ့ကျေးရွာအနီးမှာရှိတဲ့ အင်းပတ်ကွေ့စျေးတန်း(စကစအထိုင်ချစခန်း)နဲ့ ရွာသစ်ကုန်း(ပျူ)စခန်းတို့ကဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“အဲနေ့ကတိုက်ပွဲဖြစ်တာမရှိခဲ့ဘူး။ လက်နက်ကြီး ၃လုံးပစ်တာမှာ တလုံးကျသွားတာရွာထဲကို။ စကစတွေနဲ့ပျူတွေက နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်တယ်။ အခုလိုပစ်ခတ် နေတာကတော့ သူတို့စခန်းကို PDF တွေ မတိုက်ခိုက်လာအောင် လုပ်နေတာလို့သိရတယ်” လို့ ဆိုပါတယ်။

အဆိုပါပျူစခန်းမှာ စစ်သားနဲ့ပျုတပ်သား ခန့်မှန်းခြေ ၅၀ကျော်ရှိပြီး၊ အဲဒီစခန်းကပဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အင်းပတ်ကွေ့ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့လို့ အခု ၂၀၂၃ ခုနှစ်ထဲမှာအမျိုးသားတဦးသေဆုံးခဲ့သလို ၁၅ ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။