myaelatt athan

Sharing Information to the Local

ဆီထည့်နားရင်း ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို သေဆုံးလျက် ပြန်တွေ့

0 2
0 2

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရွှေမုဌောဘုရားအနီး New Day စက်သုံးဆီဆိုင်မှာ ဆီလာချပြီး ညအိပ်နားနေချိန် ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ကို ၃ ရက်အကြာမှာ သေဆုံးလျက်သား ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ဟာ မောင်ချစ်မင်းသာ အသက် ၆ နှစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၃ နာရီလောက်က မိသားစုနဲ့အိပ်နေချိန် အပေါ့ထသွားပြီးနောက် ပျောက်ဆုံးခဲ့တာဖြစ်ကာ ၃ ရက်အကြာ ဒီကနေ့ မနက် ၉ နာရီ ဝန်းကျင်လောက်မှာ ဆီဆိုင်နဲ့ကပ်လျက်မှာရှိတဲ့ ရေကန်အဟောင်းထဲမှာ ပြန်တွေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွှေမုဌောဘုရားနားက ရေကန်အဟောင်းထဲမှာ ပြန်တွေ့တာ၊ ကန်က ဆီဆိုင်နဲ့ကပ်လျက်ပဲ။ အဲ့ကန်က လူခဏခဏ သေဖူးတယ်။ ကန်တောင်ဘက်ဖျားက ရေတိမ်တယ်။ ပေါင်လည်လောက်ထိ မြောက်ဖျားက နစ်တယ်။ ကလေးက မြောက်ဖျားဘက် ရောက်သွားပုံရတယ်။ အလုံပိတ်ထားတာကို ကလေးက ဘယ်လိုရောက်သွားမှန်း မသိဘူး” လို့ ကူညီကယ်ဆယ်ခဲ့တဲ့ ပရဟိတလူမှုရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပျောက်ဆုံးကလေးငယ်ကို ရေကန်ထဲမှာ ပြန်တွေ့ခဲ့ပြီးနောက် ဒေသခံပရဟိတအသင်းတွေရဲ့ စစ်ဆေးချက်အရ ခန္ဓာကိုယ်မှာ ဒဏ်ရာမတွေ့ရတဲ့အတွက် ရေနစ်သေဆုံးတာ ဖြစ်ကြောင်း အတည်ပြုခဲ့ကာ ကလေးရဲ့ရုပ်အလောင်းကိုတော့ ရင်ခွဲရုံကနေ ၃ မိုင်ကုန်းက မီးသဂြိုလ်စက်မှာ ချက်ချင်း သဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်ချစ်မင်းသာတို့ မိသားစုဟာ ပဲခူးမြို့ကဖြစ်ပြီး ပခုက္ကူမြို့မှာရှိတဲ့ ဆီပန့်ဆိုင်တွေကို ဆီချဖို့ လာရင်းကနေ မိသားစုလိုက် ညအိပ်နားနေစဉ် ခုလိုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီရေကန်အဟောင်းဟာ လူသေဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတဲ့အတွက် ၂၀၁၇ ခုနှစ်လောက်ကစလို့ အပြီးတိုင် ပိတ်ထားတာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။