ကန့်ဘလူက မြေမွန်ရွာကို စစ်တပ်က မီးရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

0 6
0 6

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ မြေမွန်ရွာကို စစ်ကောင်စီတပ်တွေက တညအိပ် စခန်းချသွားတဲ့အပြင် နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ က စစ်သားအင်အား ၇၀ ကျော်ဟာ မြေမွန်ရွာမှာ စခန်းချခဲ့ပြီး ၁၉ ရက်နေ့လည် ၂ နာရီလောက်မှ ရွာကို စတင်မီးရှို့ခဲ့တာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။

“ထိတွေ့တိုက်ပွဲ မရှိပါဘူးဗျ။ အဲ့စစ်ကြောင်းက ကောလင်းကနေ ကန့်ဘလူမြို့နယ်၊ ချပ်လယ်ဘက်ကို ဝင်ခဲ့တဲ့ စစ်ကြောင်းပါ။ အဲ့ဒီကနေ ကန့်ဘလူအရှေ့တောင်ဘက် စံပါယ်နံ့သာကနေ ကွင်းကိုးတပ် (ကြံစိုက်ခင်းတခု)မှာ နားပြီး မြေမွန်ရွာဘက်ကို စစ်ကြောင်းထိုးခဲ့တာပါ။ နေအိမ်တဝက်လောက်က မီးထဲ ပါသွားပါပြီ” လို့ ဆိုပါတယ်။

ခုလို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅၅၀ ဝန်းကျင်ရှိ မြေမွန်ရွာက နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်သားတွေကတော့ ညနေ ၄ နာရီလောက်မှ ရွာကနေထွက်ပြီး မြေမွန်ရွာရဲ့တောင်ဘက်ကို စစ်ကြောင်းထိုး ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက် မနေ့ကညနေပိုင်းမှာတော့ မြေမွန်တောင်ဘက်ရှိ တရော်ကိုင်းရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး၊ အဲ့ဒီရွာက မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

“တရော်ကိုင်းကလည်း အခုမှရှို့ခံရတာပါဗျ။ ၂ အိမ်လောက်ပဲလို့ သိထားပါတယ်။ လောလောဆယ်က အတိအကျ မသိရသေးဘူး။ တရော်ကိုင်းရွာကနေ စခတွေက ထွက်သွားပြီလို့တော့ ကြားတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

ခုလို စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် မလည်တိုက်နယ်ထဲက မြေမွန်၊ သီရိမွန်၊ စကျင် နဲ့ တရော်ကုန်းရွာက ဒေသခံ ၅ ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။