27 July 2026 6:48 AM

တောင်တွင်းနဲ့ ကလေးဝ နယ်ခြားဖြတ်ကျော် ဆန်၊ စပါးရောင်းချခွင့် ပိတ်ထားလို့ အခက်အခဲကြုံနေရတယ်လို့ဆို

0 7
0 7

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သဲကြမ်းတံတားအနီးမှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး တောင်တွင်းဒေသမှတဆင့် ကလေးဝမြို့ ၊ ကလေးမြို့တို့ကို တင်ပို့ရောင်းချနေတဲ့ ဒေသခံတောင်သူလယ်သမားတွေရဲ့ ဆန်၊ စပါးတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ကလေးဝ PDF ၊ မင်းကင်းမြို့နယ် မင်းကင်း PDF တပ်ရင်း ၅ ၊(တောင်တွင်းဒေသ TDPDFတပ်ရင်း) တပ်ခွဲ ၃ နဲ့ တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ထားတာလို့ အမည်မဖော်လိုတဲ့ တောင်တွင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

“စကစကို တော်လှန်နေတဲ့ ပြည်သူတွေက ထောက်ခံအားပေးနေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကို မျက်နှာမမူတဲ့အတွက် အလွန်ပင်စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဆိုပါတယ်။

လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေ၊ အသွားအလာ ကန့်သတ်တာတွေ လုပ်ဆောင်နေတာ ၁ လကျော် ရှိနေပြီဖြစ်လို့ ဒေသခံတွေ အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တောင်သူ၊ လယ်သမားတွေမှာ လယ်ယာရိတ်သိမ်းစရိတ်အတွက် ပေးချေဖို့ လိုတယ်။ ပြီးတော့ လာမယ့်ရာသီအတွက် စိုက်ပျိုးစားရိတ်တွေကို ဝယ်ယူစုဆောင်းဖို့ လိုတယ်။ ဒါတွေကို ဆန်၊ စပါးတွေ ရောင်းချလို့ ရတဲ့ပိုက်ဆံနဲ့ ဝယ်ရမှာ။ အခုက ကျနော်တို့ရောင်းချဖို့ သွားလာခွင့် ပိတ်ခံထားရတယ်” လို့ ဆိုပါတယ်။

သွားလာခွင့် ပိတ်ထားတာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကစလို့ ဖေဖော်ဝါရီ ၁၇ ရက် ဒီကနေ့အထိ ရှိနေပြီဖြစ်လို့ ဒေသခံတွေအနေနဲ့ ဂိတ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးဖို့ကို လိုလားနေကြပါတယ်။

အခုလို ဆန်၊ စပါးရောင်းချတာကို ပိတ်ပင်ထားရတာဟာ တောင်တွင်းဒေသက အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ ဆန်ဝယ်ယူနေရတာ အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် ဆန်တွေကို တခြားမြို့တွေကို တင်ပို့မရောင်းချရအောင် ပိတ်ပေးဖို့တောင်းဆိုလာလို့ ယာယီပိတ်ထားတာ ဖြစ်တယ်လို့ ကလေးဝပကဖ မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့က ပိတ်ချင်လို့ ပိတ်ထားတာ မဟုတ်ပါ။ လက်လုပ်လက်စားပြည်သူတွေက ပိုက်ဆံရှိသလောက်လေးပဲ ဆန်ဝယ်တဲ့အခါ ၁ တင်းစ၊ ၁ ခွဲစ၊ ၂ တင်းစ အဲလိုဝယ်ရတာ။ အခုက ဆန်တွေ ဝယ်လို့ မရတော့ဘူး ဖြစ်နေလို့ ပိတ်ပေးပါအုံးဆိုပြီး အကူအညီတောင်းလာလို့ ယာယီပိတ်ပေးထားရတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။