myaelatt athan

Sharing Information to the Local

ပွင့်ဖြူမှာလူငယ် ၂ ဦးကို ပျူစောထီးတွေက နေအိမ်ထဲထိဝင်ဖမ်းပြီး စစ်မှုထမ်းပို့

ပွင့်ဖြူ၊ ဇူလိုင် ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောင့်ကျေးရွာက လူငယ် ၂ ဦးကို ပျူစောထီးတွေက နေအိမ်တွေထဲထိဝင်ဖမ်းပြီး စစ်မှုထမ်းပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်ဆီးခံရသူတွေက အသက် ၂၂ နှစ်အရွယ် မောင်သက်ကိုကိုနဲ့ အသက် ၂၅ နှစ်အရွယ် မောင်ထက်ဝေလင်းတို့ဖြစ်ပြီး ဇူလိုင် ၉ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်မှာ ကျောင်းကုန်းကြီး ကျေးရွာက ပျူစောထီးရွှေထွန်းနဲ့ ကျော်ထက်ဘို တို့ဦးဆောင်တဲ့ အင်အား ၁၅ ဦးအဖွဲ့က ကားနဲ့ ရောက်လာပြီး နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းသွားတယ်လို့ ဆိုပါတယ်။

“အဲနေ့က ဥပုသ်နေ့ဆိုတော့ လပြည့်နေကြီး တနေကုန်ဥပုသ်စောင့်ပြီး အိမ်မှာအိပ်နေကြတာ။ တံခါးတွေကို ချိုးဖျက်ဝင်ပြီးတော့ ကလေးတွေကို သေနတ်ထောက်ပြီးခေါ်သွားတာ။ “လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ လူငယ် ၂ ဦးကို ညတွင်းချင်း ကျောင်းကုန်းကြီးရွာ ပျုစောထီးစခန်းကို ဖမ်းသွားပြီးနောက် ဇူလိုင် ၁၀ ရက်မှာ ပွင့်ဖြူအခြေစိုက်ဝါစိုက်ပျိုးရေးတပ်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

လူငယ်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကဝါစိုက်ပျိုးရေးတပ်ကို လိုက်သွားပြီး ငွေနဲ့ပြန်ရွေးယူဖို့ သွားရောက်ခဲ့ပေမယ့် အတွေ့မခံတဲ့အတွက်ပြန်လာရတယ်လို့ အထက်ပါ ဒေသခံကပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၁၁ ရက်မှာ မကွေးတိုင်းထဲက စစ်အခြေခံလေ့ကျင့်ရေးကျောင်းတခုကို စစ်မှုထမ်းအပတ်စဥ် ၁၅ အတွက် ပို့ဆောင်လိုက်တယ်လို့သာသိရပြီး ဒီကနေ့အထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၀ ရက်နဲ့ ၁၁ ရက်မှာလည်း ပွင့်ဖြူမြို့နယ်၊ ကျွဲခြံကျေးရွာနဲ့ ကျောက်ပုံကျေးရွာတွေက အမျိုးသား ၆ ဦးဖမ်းဆီးခံရပြီးနောက် ၂ ဦးက ပြည်သူစစ်မှုထမ်းအပတ်စဥ် ၁၄ တက်ရောက်ဖို့ စစ်သင်တန်းပို့ခံလိုက်ရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။