အောင်လံ၊ မတ် ၁၈၊ ၂၀၂၆။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အင်တောသာကျေးရွာမှာ လက်နက်ကြီးကျလို့ နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မတ်လ ၁၇ ရက် မနက် ၁၀ နာရီခန့်မှာ ရွာမထုံကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကော်မရှင်အဖွဲ့က အင်တောသာရွာဘက်ကို လက်နက်ကြီး ၁၁ ချက်ပစ်ခတ်ခဲ့ရာ ရွာအနီးဝန်းကျင် လယ်ကွင်းတွေနဲ့နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ ဆိုပါတယ်။
“ရွာထဲကို ၅ လုံးလောက်ကျတယ်။ နေအိမ်တွေမီးလောင်တာက ဟောင်ဝစ်ဇာကျည်က မီးလောင်ဗုံးသီးလိုမျိုးကြောင့်ပါ။ လက်နက်ကြီးကျချိန် ရွာသားတွေကထွက်ပြေးရလို့ မီးမငြှိမ်းနိုင်ဘဲ မီးလောင်နေအိမ်များသွားတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။


လက်နက်ကြီးပစ်ချိန် ရွာခံတွေက အချိန်မီထွက်ပြေးနိုင်တာကြောင့် လူထိခိုက်တာမရှိပေမယ့် မီးလောင်မှုကြောင့် နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးရန်ကိုကြောက်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အင်တောသာရွာက ပြည်သူအားလုံးဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး မတ်လ ၁၈ ရက်မနက်ပိုင်းအထိ အများစုကမပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
မတ်လ ၁ ရက်ကလည်း အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာမှာ စစ်ကော်မရှင်ပစ်ခတ်တဲ့လက်နက်ကြီး ကျေးရွာထဲကိုကျရောက်ပေါက်ကွဲလို့ ပြည်သူ ၃ ဦးဒဏ်ရာရပြီး နေအိမ် ၂၈ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း












