မြိုင်၊ နိုဝင်ဘာ ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကြားကာလစာသင်ကျောင်းတွေမှာ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂနဲ့ ပညာရေးအဖွဲ့တွေပူးပေါင်းပြီး ဇုန်အဆင့်ပန်းချီပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ကျင်းပပေးသူတဦးထံက သိရပါတယ်။
အဲ့ဒီပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တာဖြစ်ပြီး မြိုင်မြို့နယ်ရဲ့ပညာရေးဇုန်တခုဖြစ်တဲ့ GS ဇုန်လက်အောက်စာသင်ကျောင်း ၈ ကျောင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းနဲ့အထက်အတန်းအဆင့် ကဏ္ဍ ၂ ခုခွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းချီပြိုင်ပွဲဝင်ရောက်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ ပန်းချီလက်ရာအပေါ် ပန်းချီပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးက အခုလို မှတ်ချက်ပြုပါတယ်။
“ ပန်းချီလက်ရာလေးတွေ ကျေနပ်အားရပါတယ်၊ ကလေးတွေလည်း ကြိုးစားကြပါတယ်၊ ပန်းချီကားလေးတွေကြည့်ပြီး ကလေးတွေရဲ့လက်ရာတွေအတွက် ပီတိဖြစ်ရပါတယ်” လို့ သူက မြေလတ်အသံကို ပြောပါတယ်။
GS ပညာရေးဇုန်အတွင်း စာသင်ကျောင်း ၂၆ ကျောင်းပါဝင်ပေမယ့် ကျောင်းသားတွေရဲ့လုံခြုံရေးနဲ့ စာမေးပွဲနီးကပ်မှုအခြေအနေတွေကြောင့် ၈ ကျောင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာလို့ သူက ဆိုပါတယ်။

အခြားပညာရေးဇုန်တွေမှာလည်း အခုလိုပန်းချီပြိုင်ပွဲတွေဖြစ်လာဖို့ မျှော်လင့်ထားပြီး မြိုင်မြို့နယ်အတွင်းမှာ ပန်းချီဝါသနာပါသူတွေလည်း ပိုများလာတယ်လို့ အထက်ပါကျောင်းဆရာက ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ပန်းချီဝါသနာပါသူလူငယ်တွေကိုတော့ စာသင်ကျောင်းတွေမှာ မန္တလေးမြို့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က CDM ဆရာတဦး၊ ပန်းချီနဲ့ကဗျာဆရာ ကိုမင်းသန့်စင်တို့က လက်ဆင့်ကမ်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“ မနှစ်က မြို့နယ်ပညာရေးဘုတ်အဖွဲ့က တမြို့နယ်လုံးကကျောင်းတွေကို ပန်းချီဘာသာရပ် သင်ကြားပို့ချဖို့ စီစဥ်ပေးတယ်၊ ဇုန် ၁ ခုကို တကယ်စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမအနည်းဆုံး ၄ ယောက်တက်ရမှာ။ သင်တန်းဆင်းတဲ့ဆရာ၊ ဆရာမတွေက သက်ဆိုင်ရာ ဇုန်တွေမှာ ပြန်ပို့ချရမှာ။” လို့ ကိုမင်းသန့်စင်က ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ကြားကာလပညာရေးကျောင်းတွေကို ဇုန် ၁၂ ဇုန်ခွဲကာ သတ်မှတ်ထားပြီး အခုပန်းချီပြိုင်ပွဲဟာ ဇုန်အဆင့်အနေနဲ့ ပထမဆုံးကျင်းပပေးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။














