ရေတာရှည်၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၁၅၇/၇ အနီးမှာ ခရီးသည်တင်ကားနဲ့အိမ်စီးကားတိုက်မိပြီး ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံကသိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ဒီကနေ့မနက် ၂ နာရီကျော်မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်နဲ့ တဖက်ယာဥ်ကြောကနေ (U Turn) ဂငယ်ကွေ့ ကွေ့ပြီး လမ်းကူးလာတဲ့အိမ်စီးကားတို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
” ခရီးသည်တင်ယာဥ်က လမ်းမှန်တယ်။ အိမ်စီးကားက (တဖက်ယာဥ်ကြောနေ) လမ်းဒီဘက်ချိုးမယ့်အခြေနေမှာ လမ်းမှန်နဲ့သွားတွေ့တာ။ အိမ်စီးကားဖင်ကိုတိုက်ပြီး စီယာတိုင်ကိုညာဘက်ဆွဲလိုက်တော့ လမ်းဘေးကာထားတဲ့တန်းတွေ သွား တိုက်မိသွားတာ။”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ခရီးသည်တင်ယာဥ်မောင်းအမျိုးသား နေရာမှာသေဆုံးပြီး ယာဥ်ပေါ်ပါ အသက် ၂၀ ကျော်အရွယ် ခရီးသည်အမျိုးသမီး ၃ ဦးဒဏ်ရာရခဲ့ကာ သေဆုံးထိခိုက်သူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက တောင်ငူပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းကလည်း ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာအနီး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီး အင်ဂျင်အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၁ စီးလုံး ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။













