မန္တလေး၊ ဇူလိုင် ၂၂၊ ၂၀၂၅။
မန္တလေးမြို့ကနေ ဆန်တက်သွားတဲ့ စစ်သင်္ဘောတွေက ပစ်တဲ့လက်နက်ကြီးကျပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်းက အင်ဒေါင်းရွာက နေအိမ် ၄ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းက နေ တိုက်ခိုက်ရေးယာဉ် ၂ စီးနဲ့ ကုန်တင် သံခွန် သင်္ဘော ၄ စီးတို့ ဆန်တက်သွားတာလို့ သိရပါတယ်။


အဲဒီ စစ်သင်္ဘောတွေဟာ မြစ်ကမ်းအနီးနားက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သင်္ဘောပေါ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ဝက်လက်မြို့နယ်အ ရှေ့ခြမ်း၊ အင်ဒေါင်းကျေးရွာထဲကို ကျပြီးမီးလောင်ခဲ့တာမို့ နေအိမ် ၂ လုံးနဲ့ ပဲမှော်စင် ၂လုံးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


“လူအထိအခိုက်တော့ မရှိဘူးဗျ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်နေတာ။ ဒီတခေါက်က လေယာဉ်ပစ်ကူလည်းမပါဘူး”လို့ Wetlet information Network က ကိုနဂါးလေး ကပြောပါတယ်။
လက်ရှိမှာ အဲ့ဒီ စစ်သင်္ဘောတွေဟာ စဉ့်ကူးမြို့နယ်အတွင်း ရောက်နေပြီး ဆက်လက်ဆန်တက်နေတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ကလည်း မန္တလေးဂေါဝိန်ဆိပ်ကနေ စစ် သင်္ဘော ၁၂ စီး ဆန်တက်ခဲ့ပြီး လေကြောင်းပစ်ကူကြောင့် ဝက်လက်မြို့နယ်အရှေ့ ခြမ်းကပြည်သူ ၂၁ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – မြတ်