မြေလတ်အသံ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲ့ တိုက်နယ်ဆေးရုံကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၂၄ ရက်ဒီမနက် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ တိုက်နယ်ဆေးရုံကို ဗုံးသီး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး ဆေးရုံအနီးရှိ ကားဘော်ဒီဆိုင်ကိုပါ ဗုံးထိမှန်ခဲ့တာကြောင့် ဆိုင်မှာရှိနေတဲ့ အမျိုးသား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
“သေဆုံး၊ ဒဏ်ရာရတာက ဆေးရုံတက်နေတဲ့လူနာတွေမဟုတ်ပါဘူး။ ပစ်ခံရတဲ့ ဓာတ်မှန်ဆောင်ကလည်း လူနာတွေ လက်ခံပြီးတော့ကုနေတာမရှိဘူး။ သေဆုံး၊ ဒဏ်ရာရတဲ့သူတွေက ကားဘော်ဒီဆိုင်က အလုပ်သမားတွေနဲ့ အလုပ်သမားတွေကို မှီခိုနေတဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်”လို့ တန့်ဆည်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူ ၇ ဦးမှာ ဇင်ကို ၁၆ နှစ်၊ ကတုံး ၁၇ နှစ်၊ ပိုင်ချစ် ၁၉ နှစ်၊ ပေါက်စ(ခ)ရှိုင်းထက်အောင် ၂၀ နှစ်၊ ဦးစံဦး ၅၃ နှစ်နဲ့ အမည်မသိရှိရသေးတဲ့ ကားသမား ၂ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးကတော့ ကိုတေဇာဝင်း ၃၉ နှစ်၊ ကောင်းခန့်လှိုင် ၁၈ နှစ်၊ အောင်မျိုးဦး ၁၅ နှစ်တို့ဖြစ်ကြပါတယ်။
သေဆုံးသူတွေထဲက ပိုင်ချစ် ဆိုသူဟာ ဆေးကုသမှုခံယူနေချိန်အတွင်း သေဆုံးခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးဟာလည်း ဒဏ်ရာပြင်းထန်ရာရရှိထားတာကြောင့် အရေးပေါ်ဆေးကုသနေရတယ်လို့လည်း အထက်ပါအမျိုးသားကဆိုပါတယ်။
သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာ တန့်ဆည်၊ မုံရွာ၊ ပင်လည်ဘူး၊ ကန့်ဘလူစတဲ့မြို့နယ်တွေက ဒေသခံတွေဖြစ်ကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ကံထူးမကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်နဲ့ ဆေးဆိုင် ၁ ဆိုင်ကို စစ်ကော်မရှင်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း















