အသံမိုင်းကွဲတာကို ထွက်ကြည့်တဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

0 4
0 4

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အဝင်ရပ်ကွက်ရှိ ရေဦးဆန်ဆိုင် စစ်ကောင်စီဂိတ်အနီး အသံမိုင်းကွဲတာကို လာထွက်ကြည့်တဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် မနေ့ည ၈ နာရီခန့်မှာ စစ်ကောင်စီဂိတ်က စစ်ကောင်စီတပ်သားတွေ လမ်းပေါ်ထွက်လာဖို့ ရေဦးလမ်းကြား၊ ကွမ်းသီးဆိုင်နားမှာ အသံမိုင်း ၂ လုံးကို ဟန်ပြခွဲခဲ့တယ်လို့ Monywa the Boys အဖွဲ့ခေါင်းဆောင် ဒေါနမောင်မောင်က ပြောပါတယ်။

“သူတို့ထွက်လာအောင် တမင်အသံမိုင်းခွဲခဲ့တာ။ အဲဒီမှာ စကစ တပ်သား ၂ ယောက် ထွက်လာတာ မြင်တော့ ဝိုင်းပစ်တာ။ အပစ်ခံရတဲ့နေရာမှာပဲ လဲကျသွားတာ မျက်မြင်ပါ။ ပစ်ပြီးတာနဲ့ ကျနော်တို့ဘက်က ပြန်ဆုတ်လာတယ်။ သူတို့ဘက်ကတော့ တရစပ် ပစ်ကျန်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Monywa the Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack force၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ အထူးစုံစမ်းစစ်ဆင်ရေး(Chindwin Attack force)၊ Spring Dove အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ နေရာမှာပဲ သေဆုံးသွားပြီး စစ်ကောင်စီဘက်က အလောင်းတွေကို ပြန်ကောက်သွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တွေက ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးတွေဟာ အဆောင်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။