12 July 2025 6:50 PM

myaelatt athan

Sharing Information to the Local

ကလေး၊ နှောညောင်ပင်ရွာစစ်တပ်စခန်းကို သိမ်းပိုက်မှု ၆ ဦးသေဆုံး၊ ၁ ဦးအရှင်မိပြီး စိန်ပြောင်း ၁ လက်အပါ လက်နက်၊ ခဲယမ်းအများအပြားရရှိ

0 29
0 29

မြေလတ်အသံ၊ ဇူလိုင် ၈ ၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ရွာ စစ်ကောင်စီတပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထံက သိရပါတယ်။

ဒေသအခေါ် ကံပုလဲအရှေ့ရွာလို့ ခေါ်ဆိုတဲ့ နှောညောင်ပင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၃၀ နဲ့ အထိုင်ချတပ်စွဲထားတာဖြစ်ပြီး အဆိုပါတပ်စခန်းကို ဇူလိုင် ၅ ရက် မနက် ၁ နာရီခန့် မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ ရွာမှာ အထိုင်ချထားတာက အာဏာသိမ်းပြီးကတည်းကပါ။ အိမ်ခြေကငါးရာကျော်ရှိတဲ့ မြို့နဲ့အနီးဆုံး စကစ အမာခံရွာကြီးဖြစ်ပါတယ်။ လက် နက်ကြီးပစ်ကူတဲ့ဂိတ်က မြို့သာရပ်ကွက်နဲ့ သာစည်ရွာအကြားမှာရှိတာပါ။ တမိုင်ပတ်ချာလည်တွေချည်းပါပဲ” လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စခန်းအတွင်းဝင်ရောက်စီးနင်းစဥ် သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၆ ခုနဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်၊ ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပေမယ့် နာရီဝက်ခန့်အကြာမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)ကနေ စစ်ကူအင်အား ၃၀ ခန့် ရောက်ရှိလာတာကြောင့် လက်နက်ခဲယမ်းအားလုံး မသယ်ယူနိုင်ခဲ့ဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

နှောညောင်ပင်စစ်ကောင်စီစခန်းကနေ BA-100 ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကာဘိုင်သေနတ် ၄ လက်၊ BA 63 (G-3) သေနတ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ MG-1 လက်ပစ်ဗုံး ၂လုံး၊ လက်နက်ငယ် ကျည်မျိုးစုံ ၁၇၀၀ ကျော်၊ ကျည်ဘောက် ၁၈ ဘောက်၊ I-con(စကားပြောစက်) ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုနဲ့ ဒေသခံကျေးရွာပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့တွေက ပူပေါင်း လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။