myaelatt athan

Sharing Information to the Local

ကင်းလှည့်ထွက်တဲ့ စစ်ကောင်စီတပ်အနီးကပ်ပစ်ခံရလို့ ၄ ဦးသေဆုံးဟုဆို(ရုပ်/သံ)

မြေလတ်အသံ၊ ဇူလိုင် ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Kantbalu Counter Revolution Army(KBU-CRA) ဆီကသိရပါတယ်။

ဇွန် ၃၀ ရက် မနက် ၆ နာရီ ၁၅ မိနစ်မှာ ဇီးကုန်းမြို့ရဲ့ အရှေ့ဘက်မီတာ ၁,၂၀၀ ခန့် အကွာမှာ စစ်အင်အား ၃၀ ခန့်နဲ့ပြုလုပ်ထားတဲ့ မူးဆုံဂိတ် ဂိတ်စခန်းကနေ မြို့ပေါ်ကိုကင်းလှည့်ဖို့ ဆိုင်ကယ်နဲ့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆိုင်ကယ် ၃ စီး ၆ ဦးကို အနီးကပ်တေ့ပစ်ခဲ့တာပါ။ နေရာမှာ ၄ ဦးကတော့ တန်းသေသွားတယ်။ လက်နက်ကောက်ယူဖို့အသွားကို စစ်ကူရောက်လာလို့ နောက်ပြန်ဆုတ်ခဲ့ရတယ်”လို့ Kantbalu Counter Revolution Army(KBU-CRA) မှတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇီးကုန်းမြို့နဲ့ ကပ်လျက်ရှိတဲ့ သပြောသာ၊ ဖိုလ့်ကုန်း၊ ကျောင်းကုန်းစတဲ့ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တချို့နဲ့ အမျိုးသား ၁၁ ဦးကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အမျိုးသမီး ၅ ဦးကိုလည်း ဆေးထိုးပြီး မုဒိန်းပြုကျင့်ကြတယ်။ ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ ဖုန်းတွေကိုလည်း လုယူကြတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ပြန်လည်တိုက်ခိုက်ခဲ့တာပါ”လို့ သူကပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကိုတော့ MEC သကြားစက်ရုံရှိ စခန်းကို ကားနဲ့အရေးပေါ်သယ်ဆောင်ခဲ့ပြီးနောက် စခန်းနဲ့ ကီလိုမိတာ ၃၀ အကွာမှာရှိတဲ့ ၆၀၀၆ အမြောက်တပ်ရင်းရှိဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ဇီးကုန်းမြို့ရဲစခန်း၊ မူးဆုံဂိတ်စခန်း၊ MEC သကြားစက်ရုံစခန်းနဲ့ ခမရ ၃၆၁ တပ်ရင်းတွေကနေ မြေပြင်ကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှုဖြစ်တဲ့နေရာကို ပစ်ကူ၊ တပ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ပြည်သူ့ အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်တဲ့ Kantbalu Counter Revolution Army (KBU -CRA)၊ Kantbalu Htaw Gyi ပကဖ၊Kantbalu TPT လျှပ်ပြေး ပကဖ၊ Kantbalu တောသားပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။